အာဆင်နယ်အသင်းရဲ့ အသက်၃၀နှစ် အရွယ် အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အူဘာမီယန်းကတော့ သူဟာ လက်ရှိအချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိပေမယ့် မကြာမီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ချူပ်ဆိုမယ့်အကြောင်း အရိပ်အမြွက် ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ အူဘာမီယန်းဟာ ပြီးခဲ့တဲ့ နှစ်ရာသီမှာ အာဆင်နယ်အသင်းရဲ့ အဓိက ဂိုးသွင်းစက်တစ်လုံး ဖြစ်ခဲ့သလို လက်ရှိဘောလုံး ရာသီမှာလဲ သူ့ရဲ့ သွင်းဂိုးတွေဟာ လျော့နည်း သွားခဲ့ခြင်းမရှိသလို သူ့ရဲ့သွင်းဂိုးတွေဟာ အာဆင်နယ်အသင်းရဲ့ နိုင်ပွဲတွေအတွက် အဓိက ကျခဲ့တာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အူဘာမီယန်းဟာ လက်ရှိပရီးမီးယားလိဂ် ရာသီမှာလဲ အာဆင်နယ်အသင်းအတွက် သွင်းဂိုး ၁၇ဂိုး အထိ သွင်းယူပေးထားနိုင်သူပါ။

Photo Credit: Metro.com

ဒါ့ကြောင့်လဲ လက်ရှိမှာ အူဘာမီယန်းကို အာဆင်နယ်အသင်းကနေ ခေါ်ယူလိုနေတဲ့ အသင်းတွေ အတော်များများ ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ စပိန်အင်အားကြီး အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် စတဲ့ အသင်းတွေအပြင် အာဆင်နယ်အသင်းရဲ့ အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ မန်ယူအသင်းလဲ ပါဝင်နေပါတယ်။ အာဆင်နယ်အသင်းဟာ မန်ယူအသင်းထံကို အဓိကတိုက်စစ်မှူးတွေ ဖြစ်တဲ့ ဗန်ပါစီ ၊ ဆန်းချက်တို့ကို လက်လွှတ်ခဲ့ရဖူးတာကြောင့် အူဘာမီယန်းကိုလဲ လက်လွှတ်ရမှာကို အာဆင်နယ်အသင်းပရိသတ်တွေက စိတ်ပူနေကြပါတယ်။ ဒါပေမယ့် အူဘာမီယန်းကတော့ အာဆင်နယ်အသင်း ပရိသတ်တွေ စိတ်အေးသွားစေမယ့် အရိပ်အမြွက်တစ်ခုကို သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Metro.com

အဲ့ဒါကတော့ အူဘာမီယန်းဟာ ဘာစီလိုနာအသင်းအပါအဝင် ထိပ်သီးအသင်း အတော်များများမှာ ကစားခဲ့ဖူးတဲ့ ဘိုတန်နဲ့ အင်စတာဂရမ် Live တစ်ခုမှာ စကားပြောခဲ့တာဖြစ်ပြီး အဆိုပါ Live ထဲမှာ ဘိုတန်က အူဘာမီယန်းက သူ့ရဲ့ စာချုပ်ကိစ္စကို မေးမြန်းခဲ့ပါတယ်။ ဘိုတန်က ” သူတို့(အာဆင်နယ်ပရိသတ်)တွေက မင်းကို အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဖို့ တိုက်တွန်းနေတယ်နော် ” လို့ မေးမြန်းခဲ့ရာမှာ အူဘာမီယန်း က ရယ်ကျဲကျဲနဲ့ ” အာ… ငါသိတယ်… ” လို့ ပြန်ဖြေခဲ့ပါတယ်။ ထို့နောက် ဘိုတန်က အူဘာမီယန်းကို အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ဘယ်လောက်ကျန်သေးလဲဆိုတာ မေးမြန်းခဲ့ရာ အူဘာမီယန်းက တစ်နှစ်လို့ ပြန်လည် ဖြေကြားခဲ့ပြီး အဲဒီနောက်မှာတော့ သူက ” သေချာတယ်.. သေချာတယ်… ” ဆိုပြီး ရယ်လျက် အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ထပ်မ​ံ ချုပ်ဖို့ စီစဉ်ထားတဲ့အကြောင်း အရိပ်အမြွက်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။