ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းက မနေ့ည စတမ်းဖို့ဒ်ဘရစ်ချ်မှာ အေစီမီလန်အသင်းနဲ့ ရင်ဆိုင်သွားခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃)မှာ (၃)ဂိုးပြတ်နဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ဒီပွဲက သူတို့အသင်းအတွက် လွယ်ကူခဲ့တဲ့ ပွဲတစ်ပွဲတော့ မဖြစ်ခဲ့ဘူးလို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Eurosport

ဒီနှစ်ရာသီ ချန်ပီယံလိဂ်မှာ နိုင်ပွဲလုံးဝမရှိသေးပဲ တစ်ပွဲသရေ တစ်ပွဲရှုံးထားခဲ့တဲ့ ချယ်လ်ဆီးက နောက်တစ်ဆင့် တတ်လှမ်းဖို့အတွက် မီလန်နဲ့ ရင်ဆိုင်ရချိန်အတွင်း မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ မီလန်ကလည်း ဒီအုပ်စုအတွင်းမှာ ချယ်လ်ဆီးနည်းတူ အင်အား တောင့်တင်းလှတဲ့ ကလပ်အသင်း ဖြစ်နေတာကြောင့် ဒီအသင်းနှစ်သင်းရဲ့ ထိပ်တိုက် တွေ့့ဆုံမှုက စိတ်လှုပ်ရှားစရာကောင်းခဲ့ရပေမယ့် ရလဒ်ပိုင်းမှာတော့ အိမ်ရှင်ချယ်လ်ဆီးက မီလန်ကို ပြတ်ပြတ်သားသားနဲ့ အနိုင်ယူခဲ့ပြီး ဒီရာသီရဲ့ ပထမဆုံးသော ချန်ပီယံလိဂ်နိုင်ပွဲကို စတင် ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Sports Illustrated

ဒီပွဲမှာ ချယ်လ်ဆီးအတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အူဘာမီယန်းကလည်း ချယ်လ်ဆီးအတွက် (၂)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်သလို သူရဲ့ ပထမဆုံးသော စီနီယာအသင်းဟောင်းဘက်ကိုပါ ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲအပြီးမှာ အူဘာမီယန်းက “ဒါဟာ လွယ်ကူတဲ့ပွဲတော့ မဟုတ်ပါဘူး။ ပထမပိုင်းမှာ သူတို့ ကစားတာ ကောင်းခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ ပြင်းပြခြင်းက အမြင့်ဆုံးကို ရောက်လာခဲ့တယ်။ နှစ်တွေ အတော်လေးကြာမှ မီလန်နဲ့ ပြန်လည် ရင်ဆိုင်ရတာက ကျွန်တော့်အတွက် ထူးဆန်းနေပေမယ့်လည်း ဒါက ဘောလုံးပါပဲ။ ကျွန်တော်တို့ရဲ့ ပထမဂိုးကလည်း အသင်းအတွက် တကယ်ကို အရေးကြီးပါတယ်။ ဒီဂိုးက ပွဲကို ယုံကြည်မှုအပြည့်နဲ့ ဆက်လက် ယှဉ်ပြိုင်ဖို့အတွက် ခွန်အားတွေ ပေးပါတယ်။ မီလန်နဲ့ ရင်ဆိုင်ရချိန် သူတို့မှာ တိုက်စစ်မှူးကောင်းတွေ ရှိနေတယ်ဆိုတာကို သိထားသလို ဒီပွဲမှာလည်း ခံစစ်ကစားသမားတွေ မယုံနိုင်စရာကောင်းလောက်အောင် လုပ်ဆောင်ပြခဲ့တယ်။ နိုင်ပွဲတွေ ရလာတော့ စိတ်ခံစားချက်တွေ ပိုကောင်းလာခဲ့တယ်။ ဒီလို အခိုက်အတန့်တွေကို ထိန်းထားနိုင်အောင် ကြိုးစားသွားရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။