ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ကနေ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းကတော့ သူဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းဟောင်း အာဆင်နယ်နဲ့ ချန်ပီယံလိဂ်မှာ ထိပ်တိုက် တွေ့ဆုံချင်ကြောင်း ပြောကြားရင်း အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားခဲ့ရမှုကို လှောင်ပြောင်သွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဂါဘွန် တိုက်စစ်မှူး အူဘာမီယန်းဟာ ဒေါ့မွန်ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အာဆင်နယ်နည်းပြ အာတီတာနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကာ ဘာစီလိုနာဆီ ၃နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Daily Mail

အူဘာမီယန်း တယောက် အာဆင်နယ်ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့ချိန်မှာ အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အနီးစပ်ဆုံး အခြေအနေ တခုမှာ ရှိနေခဲ့ပြီး ဘာစီလိုနာကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် အာဆင်နယ် ပရိသတ်တွေ အပါအဝင် အာဆင်နယ်နဲ့ နီးစပ်သူတွေက အူဘာမီယန်းဟာ ချန်ပီယံလိဂ် မကန်ချင်တာကြောင့် အာဆင်နယ်ကနေ ပြောင်းရွှေ့သွားခဲ့တာလို့ လှောင်ပြောင်ခဲ့ကြပါတယ်။

ဒါပေမယ့် အူဘာမီယန်းက ဘာစီလိုနာဆီ ရောက်ရှိပြီးနောက် သူ့ရဲ့ အကောင်းမွန်ဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၃ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အသင်းကိုလည်း လာလီဂါပြိုင်ပွဲမှာ အဆင့်၂ ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

ဘာစီလိုနာနဲ့အတူ လာလီဂါပြိုင်ပွဲမှာ အဆင့်၂နဲ့ ရာသီသိမ်းနိုင်ခဲ့ပြီးနောက် အူဘာမီယန်းက သူဟာ အာဆင်နယ်နဲ့ လာမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်တိုက် တွေ့ဆုံချင်ခဲ့ပေမယ့် အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တာကြောင့် သူက အာဆင်နယ်နဲ့ ပြိုင်ဘက်တွေ အဖြစ် ရင်ဆိုင် မကစားရတော့ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အူဘာမီယန်းက – “ကျွန်တော်က အခုချိန်မှာ အတော်လေးကို ဝမ်းနည်းနေပါတယ်ဗျာ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တွေ့ချင်လို့လေ” လို့ ရယ်သွမ်းသွေးကာ ပြောကြားရင်း အာဆင်နယ်ကို လှောင်ပြောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။