အာဆင်နယ်အသင်းရဲ့ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား ပီယာအန်းမရစ်အူဘာမီယန်းဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်းကနေ ပြန်လည်သက်သာလာပြီးနောက်မှာ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာ နှလုံးပြသာနာရပ်တွေကို တွေ့ရှိထားရတာကြောင့် ဂါဘွန်နဲ့ ဂါနာပွဲစဉ်ကို ဆက်လက်လွဲချော်ခဲ့ရပြီး ဂါဘွန်အသင်းရဲ့ အာဖရိကပွဲစဉ်တွေကို ဆက်လက်ပါဝင်ရဖို့ကလည်း မသေမချာ ဖြစ်နေရတယ်လို့ သိရှိရပါတယ်။
Photo Credit : Evening Standard
အသက်(၃၂)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား အူဘာမီယန်းဟာ သူရဲ့လက်ရွေးစင်အသင်းအတွက် အာဖရိကဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲဖို့ ပြိုင်ပွဲကျင်းပရာ ကင်မရွန်းနိုင်ငံကို မထွက်ခွာခင်စဉ်အတွင်း ဒူဘိုင်းမှာ ပါတီကျင်းပခဲ့ရာကနေ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရပြီး ဒီကူးစက်မှု ပြန်လည်သက်သာလာချိန်မှာပဲ နှလုံးနဲ့သက်ဆိုင်ပြီး မင်္သကာစရာ အခြေအနေမျိုးကိုပါ စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် အာဖရိက ဘောလုံးအဖွဲ့ချုပ်ကနေ အူဘာမီယန်းကို ဂါဘွန်နဲ့ဂါနာပွဲအတွင်း ပါဝင်ကစားခြင်း မရှိဖို့ ထုတ်ပြန်ခဲ့ရပါတယ်။ ဒီလို စစ်ဆေးတွေ့ရှိမှုဟာ အူဘာမီယန်း တစ်ယောက်တည်းသာ မဟုတ်ပဲ သူရဲ့ ဂါဘွန်အသင်းဖော် နှစ်ဦးမှာလည်း အလားတူ ပြသာနာမျိုးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။
Photo Credit : The Guardian
အူဘာမီယန်းဟာ ကိုဗစ်ပိုး ကူးစက်မှုကြောင့် ဂါဘွန်အသင်းရဲ့ အာဖရိကဖလား အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ရတာဖြစ်ပြီး နောက်ထပ် အုပ်စုပွဲစဉ်ဖြစ်တဲ့ ဂါနာအသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာပဲ ကူးစက်မှုကနေ ပြန်လည်သက်သာခဲ့တာ ဖြစ်ပေမယ့် အခုလို မမျှော်လင့်ပဲ နှလုံးပြသာနာနဲ့ ကြုံတွေ့လိုက်ရတာကြောင့် ဆက်လက်လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် The Athletic မီဒီယာရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်အသင်းရဲ့ ဆေးအဖွဲ့ဝင်တွေနဲ့ ဂါဘွန်လက်ရွေးစင်အသင်းရဲ့ ဆေးအဖွဲ့တွေကြားမှာ ဆက်သွယ်မှုတွေ ရှိနေခဲ့ပြီး ကစားသမားရဲ့ အခြေအနေက ကောင်းမွန်လျက် ရှိနေကြောင်းနဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်စရာ အထွေအထူး မရှိကြောင်း သိရှိရပါတယ်။ အူဘာမီယန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၇)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။