ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်ကမှ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂါဘွန် တိုက်စစ်မှူး အူဘာမီယန်း ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗလင်စီယာ ၁-၄ ဘာစီလိုနာ ပွဲစဉ်မှာ သူ့ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ရုံသာမက ပထမဦးဆုံး ဟက်ထရစ်ကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။

ဗလင်စီယာရဲ့ အိမ်ကွင်း မက်စ်တဲလားမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ အူဘာမီယန်းဟာ ဘာစီလိုနာ အတွက် အထူး ခြေစွမ်းပြနိုင်ခဲ့သူ တဦး ဖြစ်ပြီး ရရှိလာတဲ့ အခွင့်အရေးတွေကို အပိုင် အသုံးချကာ သူဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တယောက် ဖြစ်နေဆဲပဲ ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဂါဘွန် အသင်းခေါင်းဆောင် အူဘာမီယန်းဟာ အာဆင်နယ်မှာ နည်းပြဖြစ်သူ အာတီတာနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရသူ တဦး ဖြစ်ပြီး ဘာစီလိုနာထံ ရောက်ရှိလာပြီးမှသာ သူ့ရဲ့ ဂိုးသွင်းခြေကို ပြန်လည် မြင်တွေ့ခဲ့ရတာပါ။

ဗလင်စီယာ ၁-၄ ဘာစီလိုနာ ပွဲစဉ်မှာ အူဘာမီယန်းဟာ အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို ပွဲကစားချိန် ၂၃မိနစ်မှာ စတင် သွင်းယူပေးခဲ့ပြီး အဲ့ဒီနောက် ပွဲကစားချိန် ၃၈မိနစ်နဲ့ ၆၃မိနစ်တို့မှာလည်း သွင်းဂိုးတွေ ထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် ဟက်ထရစ်နဲ့အတူ မျက်နှာပန်း လှခဲ့တာပါ။

Photo Credit: Sky Sports

အူဘာမီယန်းရဲ့ ပွဲကစားချိန် ၆၃မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ ကနဦးမှာ ဘာစီလိုနာ ကွင်းလယ်လူ ပီဒရီရဲ့ သွင်းဂိုး အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ရုပ်သံအနှေးပြကွက်တွေကို ပြန်လည် ကြည့်ရှုရာမှာတော့ ပီဒရီရဲ့ ကန်ချက်က အူဘာမီယန်းရဲ့ ကျောကုန်းကို ထိမှန်ကာ လမ်းကြောင်းပြောင်းခဲ့တာကြောင့် လာလီဂါ တာဝန်ရှိသူတွေက အူဘာမီယန်းရဲ့ သွင်းဂိုးအဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲ့ပြီး အူဘာမီယန်းကလည်း ဟက်ထရစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ အူဘာမီယန်းက – “ဒီပွဲမှာ အနိုင်ရခဲ့လို့ ကျွန်တော် အရမ်းကို ပျော်ရွှင်နေပါတယ်။ ဟက်ထရစ် ရခဲ့လို့လည်း ပျော်ရွှင်မိပါတယ်။ အရေးအကြီးဆုံး အရာကတော့ အသင်းအနိုင်ရဖို့ပါပဲ။ ကျွန်တော် မက်စ်တဲလားကွင်းမှာ နောက်ဆုံး လာကစားခဲ့ရတဲ့ အချိန်တုန်းကလည်း အာဆင်နယ်နဲ့အတူ ဟက်ထရစ် သွင်းနိုင်ခဲ့ပါသေးတယ်။ ဒီတော့ မက်စ်တဲလားကွင်းက ကျွန်တော့်အတွက် အိမ်ကွင်းတခုလိုပါပဲ” လို့ သူ့ရဲ့ ရင်ခုန်သံစကားတွေကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။