စပိန်လာလီဂါရဲ့ ထိပ်သီးအသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းကတော့ ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ ပိုမို ကြိုးပမ်းလာတယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ အူဘာမီယန်းဟာ လက်ရှိဘောလုံးရာသီမှာ အာဆင်နယ် အသင်းရဲ့ ထိပ်သီးဂိုးသွင်းရှင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးတွေကိုသာ ဖယ်လိုက်မယ်ဆိုပါက အာဆင်နယ်အသင်းဟာ လက်ရှိအဆင့်မှာ ရှိနေမှာမဟုတ်တာက ကျိန်းသေပါတယ်။

Photo Credit: Marca.com

ပြီးခဲ့တဲ့အပတ်မှာ ယူရိုပါလိဂ် ၃၂သင်းအဆင့် မှာ ဂရိကလပ် အိုလံပီယာကော့စ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရအပြီး အာဆင်နယ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ခက်ခဲသွားခဲ့ကာ အမှတ်ပေးပြိုင်ပွဲမှာလဲ အဆင့်လေးအတွင်း ဝင်ရောက်နိုင်ဖို့ အတော်ကို ရုန်းကန်ရဖို့ရှိနေပါတယ်။ လက်ရှိမှာတော့ အဆိုပါ အခြေအနေကို အူဘာမီယန်းဘက်က စိတ်ပျက်နေကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားခဲ့ကြပြီး အဆိုပါ အခြေအနေကို အခွင့်ကောင်းယူကာ ဘာစီလိုနာအသင်းက အူဘာမီယန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလာမှာဖြစ်တယ်လို့ စပိန်အခြေစိုက် သတင်းဌာနတေ​ွက သုံးသပ်ထားကြပါတယ်။

Photo Credit: Marca.com

ဘာစီလိုနာအသင်းဟာ အသက်အရွယ်ရလာတဲ့ မက်ဆီ ၊ ဆွာရက်ဇ်စတဲ့ တိုက်စစ်မှူးတွေရဲ့ နေရာမှာ အစားထိုးနိုင်မယ့် တိုက်စစ်မှူးတွေကို ရှာဖွေနေတာဖြစ်ပြီး လက်ရှိအချိန်မှာ အင်တာမီလန်တိုက်စစ်မှူး မာတီနက်စ်နဲ့ အူဘာမီယန်းတို့ကို ခေါ်ယူလိုနေတာဖြစ်တယ်လို့ ဘာစီလိုနာနဲ့ နီးစပ်တဲ့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ် ပြောဆိုထားကြပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းနဲ့ တစ်နှစ်သာ စာချုပ်သက်တမ်းကျန်တော့မယ့် အူဘာမီယန်းကို ပြောင်းရွှေ့ကြေး ပေါင်၄၀ သန်း ဝန်းကျင်နဲ့သာ ကမ်းလှမ်းမှာဖြစ်တယ်လို့လည်း သိထားရပါသေးတယ်။