ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာတော့ အာဆင်နယ် အသင်းက‌ ဝုဗ် အသင်းကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အတူ အိမ်ကွင်းမှာပဲ ရှုံးနိမ့်ခဲ့ရပါတယ်။ အဆိုပါ ရှုံးပွဲကြောင့် အာဆင်နယ် အသင်း အနေနဲ့ ဒီရာသီ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာအထိ ရောက်ရှိသွားခဲ့ပြီးတော့ ဒီရာသီ ၁၀ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေ နဲ့ ၅ ပွဲအထိ ရှုနိမ့်ထားခဲ့ကာ ရမှတ် ၁၃ မှတ်အထိပဲ ရှာဖွေထားနိုင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ပွဲအစကတည်းက ပါဝင် ကစားခွင့် ရရှိခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်း ဟာလည်း ပုံမှန်ခြေစွမ်းအောက် ကျရောက်နေခဲ့သလို အာဆင်နယ် အသင်းရဲ့ ဂိုးပေါက် တည့်မတ်မှု ဟာလည်း၂ ကြိမ်သာ ရှိခဲ့ပြီး ပြိုင်ဘက် ဝုဗ် အသင်းထက် နည်းနေခဲ့ပါတယ်။

Photo Credit: Mirror

အူဘာမီယန်း ဟာ အဆိုပါ ပွဲစဉ်မှာ ငါးကြိမ် အထိ ဂိုးပေါက် ကန်သွင်းခဲ့ပြီးတော့ ပြိုင်ဘက်အသင်း ရဲ့ ဂိုးဧရိယာထဲမှာလည်း ဘောလုံးကိုင်ခွင့် ကိုးကြိမ် ရရှိခဲ့ပါတယ်။ အဆိုပါ ပမာဏ ဟာ အူဘာမီယန်း အတွက်တော့ ဒီရာသီ မှာ အမြင့်ဆုံး ပမာဏ လို့တောင် ဆိုရမှာ ဖြစ်ပေမယ့်လည်း ဂိုးပေါက်‌ ကတော့ တစ်ကြိမ်သာ တည့်မတ်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ အူဘာမီယန်း ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ ဖူလ်ဟမ် အသင်းကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ကစားကွက်ကနေ ဂိုးပေါက်ပျောက်ဆုံးခဲ့တာဟာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလ အစ ပိုင်းလောက်တုန်းက အူဘာမီယန်း ရဲ့ ပင်နယ်တီ သွင်းဂိုး နဲ့ အာဆင်နယ်တို့ မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ယူနိုင်ခဲ့ပေမယ့် အူဘာမီယန်း ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ရရှိတဲ့ သွင်းဂိုးတွေကတော့ ဒီရာသီမှာ ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Mirror

အာဆင်နယ် အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ လုပ်ကိုင် နေတဲ့ နည်းပြ အာတီတာ ကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အူဘာမီယန်း ရဲ့ ယခုလက်ရှိ ခြေစွမ်း နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ပြဿနာ ဟာ သူ့ရဲ့ အကြီးမားဆုံး စိုးရိမ်မှု ဖြစ်ကြောင်း နဲ့ အူဘာမီယန်း ရဲ့ သွင်းဂိုးတွေဟာ အာဆင်နယ် အသင်းအတွက် ဘယ်လောက် အရေးပါကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်တင် မဟုတ်ပါဘူး။ အကုန်လုံးက စိတ်ပူ‌နေကြပါတယ်။ ဘာလို့လဲဆိုရင် အသင်း အတွက် အဓိက ဂိုးသွင်းကစားသမား က အခုချိန်မှာ ဂိုးသွင်းနိုင်ခြင်း ရှိမနေတာကြောင့်ပါ။ ဒါကြောင့်မို့ ကျွန်တော့်ရဲ့ အကြီးမားဆုံး ပြဿနာကတော့ သူ သွင်းဂိုးတွေ ပြန်ရရှိအောင် သူ့ကို ဘယ်လို ကူညီမလဲဆိုတာပါပဲ။ ဘာလို့လဲဆိုရင် ကျွန်တော် တို့ သူ့ရဲ့ သွင်းဂိုးတွေ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်အတွင်း အူဘာ ဟာ အသင်းမှာ ဘယ်လောက် အရေးပါကြောင်း နဲ့ သူ အသင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေက သူ့ရဲ့ အရေးပါကြောင်းကို ပြောပြနေပါတယ်။ ကျွန်တော်တို့ အသင်း အနေနဲ့ အောင်မြင်ချင်ရင် သူ ဂိုးတွေ သွင်းယူဖို့ လိုအပ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။