အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ပိုဒေါစကီးကတော့ လက်ရှိ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် အဓိက ခြေစွမ်းပြ ကစားနေတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ အူဘာမီယန်းဟာ စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်း ထံကို ပြောင်းရွှေ့သွားသင့်ပြီလို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။ Sky Sports သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပိုဒေါစကီး ဟာ အူဘာမီယန်းအနေနဲ့ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံကို ပြောင်း​ရွှေ့သင့်ကြောင်းနဲ့ အာဆင်နယ်အသင်း အနေနဲ့လည်း အူဘာမီယန်းကို အသင်းပြောင်းရွှေ့ခွင့် ပြုသင့်တယ်လို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

အသက်၃၀နှစ်အရွယ် ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းဟာ လာမယ့် ဘောလုံးရာသီ အပြီးမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ကစားသမားတစ်ဦး ဖြစ်ပြီး လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာသာ အာဆင်နယ် အသင်းအနေနဲ့ သူ့ကို စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ပါက စာချုပ်ပြည့်သွားတဲ့ အချိန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ် ရှိနေပါတယ်။ ဒါ့ကြောင့်လည်း ပိုဒေါစကီးက အာဆင်နယ် အသင်းအနေနဲ့ အူဘာမီယန်းကို စာချုပ်သစ် မချုပ်ဆိုပဲ ရောင်းချသွားသင့်ပြီလို့ တိုက်တွန်း ပြောဆိုသွားခဲ့သလို အူဘာမီယန်းအနေနဲ့လည်း သူ့ရဲ့ အိမ်မက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားသွားသင့်တယ်လို့ အကြံပြု သွားခဲ့ပါတယ်။

Photo Credit: Metro.com

အူဘာမီယန်းရဲ့ လက်ရှိ အခြေအနေအပေါ် ပိုဒေါစကီးက ” ခင်ဗျားကသာ အူဘာမီယန်းလို အရမ်းကောင်းတဲ့ ဘောလုံးရာသီတစ်ခုကို ရရှိခဲ့ရင် အသင်းပေါင်းများစွာက ခင်ဗျားကို ခေါ်ယူလိုမှာ သေချာပါတယ်။ တကယ်လို့ ခင်ဗျားကသာ အသင်းတစ်သင်းအတွက် ကစားပေးဖို့ ငယ်ငယ်ထဲက အိမ်မက်ရှိခဲ့ရင် ဘာလို့ အဲ့ဒီ အသင်းဆီသွားဖို့ မဖြစ်နိုင်ရမှာလဲ။ ကစားသမား တစ်ဦးအနေနဲ့ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးအတွက် ကစားပေးနိုင်မယ့် အခွင့် အရေးတစ်ခုကို လက်လွှတ်ဆုံးရှုံးခံလို့ မရပါဘူး။ ဒါပေါ့။ အာဆင်နယ်အသင်း အတွက်တော့ ဒါက ကြီးမားနဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံး လောကရဲ့ စီးပွားရေး တစ်ခုပါ။ ကျွန်တော့်ရဲ့ အမြင်မှာတော့ အရမ်းကောင်းတဲ့ ရာသီတစ်ခု ကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးကို ဆုံးရှုံးသွားရင် အဲ့ဒီ ကစားသမားအတွက် ထိုက်သင့် တဲ့ ပြောင်းရွှေ့ကြေးကို ခင်ဗျားရရှိမှာပါ။ အဲ့ဒီ ပြောင်းရွှေ့ကြေးတွေနဲ့ တခြား ကစားသမားတွေ ကို ဝယ်လို့ရတယ်လေ ” လို့ ပြောဆို သွားခဲ့ပါတယ်။