ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် လည်း ဖြစ် အသင်းရဲ့ အဓိကတိုက်စစ်မှူး လည်း ဖြစ်တဲ့ အူဘာမီယန်းကတော့ ဘုတ်အဖွဲ့ ဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ တွန့်ဆုတ်နေကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ အသက်၃၀အရွယ် အူဘာမီယန်းဟာ လက်ရှိ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြ ထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာမှာ ၁၇ဂိုးသွင်းယူထား နိုင်ခဲ့ပြီး ၁ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ပြိုင်ပွဲမှာတော့ ၆ပွဲ ပါဝင် ကစားထားရာမှာ ၃ဂိုး သွင်းယူကာ ၁ဂိုး ဖန်တီး ပေးထားနိုင်ပါတယ်။

Photo Credit: Metro

ဒါ့ကြောင့်လည်း အူဘာမီယန်းဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အာဆင်နယ်အသင်း ပရိသတ်တွေရဲ့ သဘောကျနှစ်ခြိုက်ခြင်းကို ခံနေရတဲ့ ကစားသမားတစ်ဦးလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ဒါပေမယ့် အူဘာမီယန်းဟာ အာဆင်နယ် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့ပြီး စာချုပ်သစ်သာ ထပ်မံ မချုပ်ဆို နိုင်ပါက လာမယ့် ဘောလုံးရာသီအကုန်မှာ အာဆင်နယ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ထွက်ခွာနိုင်တော့မှာပါ။ အဆိုပါကိစ္စရပ်နဲ့ ပတ်သတ်ပြီး အူဘာမီယန်း က စာချုပ်သစ် မချုပ်ဆိုနိုင်သေးတာဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် မဟုတ်ကြောင်းနဲ့ အသင်းဘုတ်အဖွဲ့ရဲ့ တွန့်ဆုတ်နေမှုတို့ကြောင့်သာ ဖြစ်ကြောင်း TF1 သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit: Metro

စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး အူဘာမီယန်း က ” အခုချိန်မှာ စာချုပ်သစ် ကမ်းလှမ်းမှုတွေကို ကျွန်တော် မရထားပါဘူး။ ဒါပေမယ့် ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ လအတော်ကြာကတည်းက ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အသင်းရဲ့ ဘုတ်အဖွဲ့ကတော့ ဘာတွေကို အဖြစ်ခံလို့ မရဘူးလည်းဆိုကို ကောင်းကောင်း သိရှိမှာပါ။ သူတို့ကသာ အရေးအကြီးဆုံးပါ​။ ပြောရမယ် ဆိုရင်တော့ သူတို့အလုပ်ကို သူတို့လုပ်ဖို့ လိုပါတယ်။ ဘာတွေဆက်ပြီး ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ ဒီဆုံးဖြတ်ချက် က ကျွန်တော့်ရဲ့ ကစားသမားကို အပြောင်းအလဲ ဖြစ်သွားစေနိုင်ပါတယ်။ ပြီးတော့ အရမ်းကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်လာဖို့ ရှိပါတယ်။ သတိပြုရမှာက ကျွန်တော်ဟာ အခုထိ ဘာဆုံးဖြတ်ချက်ကိုမှ မလုပ်ရသေးပါဘူး။ ဒါဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် အရေးအပါဆုံး ဆုံးဖြတ်ချက် ဖြစ်လာမှာပါ ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။