MySport Myanmar

အူဘာမီယန်းကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိသွားတဲ့ မာဆေးလ်

ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် မာဆေးလ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၃၄နှစ် အရွယ် ဂါဘွန် အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာမှ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ ကနေ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ချယ်လ်ဆီးနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: Goal

အူဘာမီယန်းက ဆရာဟောင်း တူဟယ်လ်ရဲ့ ဖိတ်ခေါ်မှုကြောင့် ချယ်လ်ဆီးဆီ ရောက်လာခဲ့တာ ဖြစ်ပေမယ့် သူ ရောက်ပြီး မကြာခင်မှာပဲ တူဟယ်လ်ဟာ ချယ်လ်ဆီးနည်းပြရာထူး ကနေ ထုတ်ပယ်ခံခဲ့ရသလို အူဘာမီယန်းကလည်း ချယ်လ်ဆီးမှာ ကစားခွင့် ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

အူဘာမီယန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၉၆၀မိနစ်သာ ပါဝင် ကစားခွင့် ရခဲ့သလို သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ်ပဲ ရရှိခဲ့ပါတယ်။

Photo Credit: Chelsea

ဒါကြောင့်ပဲ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသုံးမလိုတော့တဲ့ အူဘာမီယန်းကို အသင်းကနေ ထွက်ခွာခွင့် ပေးထားသလို အူဘာမီယန်းကလည်း ပွဲထွက်ခွင့် ရမယ့် အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ထားပြီး အူဘာမီယန်းရဲ့ ကိုယ်စားလှယ်တွေက သူတို့ရဲ့ ကစားသမားတွေ အတွက် အသင်းများစွာနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဂူးဝမ်း ထိပ်သီးကလပ် မာဆေးလ်က အူဘာမီယန်းကို ခေါ်ယူဖို့ ယနေ့မနက်ပိုင်းမှာပဲ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကာ မာဆေးလ်ဟာ အူဘာမီယန်း အတွက် ချယ်လ်ဆီးနဲ့ ညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်နေကြောင်း သိရပါတယ်။

Exit mobile version