ယနေ့မနက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ပွဲစဉ်တွေမှာတော့ ပရိသတ်တေ​ွ အံ့အားသင့်စရာဖြစ်ခဲ့ရတဲ့ ပွဲစဉ်တွေက တစ်ပုံ တစ်ပင်ပါပဲ။ အဆိုပါပွဲစဉ်တွေထဲမှာ အမ်းမရိတ် ကွင်းထဲမှာ ဂရိသားတွေအောင်ပွဲရခဲ့တဲ့ ပွဲစဉ်လဲ ပါဝင်နေပါတယ်။ ပထမအကျော့ပွဲစဉ်မှာ တစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အဝေးကွင်းမှာ နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းအတွက် မမျှော်လင့်တဲ့ ရှုံးပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းနေတဲ့ အသင်းအနေနဲ့ လက်ရှိမှာတော့ ပရီးမီးယားလိဂ်တစ်ခုတည်းကိုသာ အာရုံစိုက် သွားရတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: UEFA.com

အမ်းမရိတ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲမ​ှာ အာဆင်နယ်အသင်းဟာ အသာစီးရဖို့ အကောင်းဆုံး ကစားသမားတွေကို ပွဲထုတ်ကာ ကစားခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ပဲ အိုလံပီယာကော့စ်အသင်းရဲ့ နှစ်ထပ်ခံစစ် ကစားပုံမှာ ရုန်းကန်ခဲ့ရပါတယ်။ ပွဲစဉ်တစ်လျှောက်မှာ အိုလံပီယာကော့စ်အသင်းကို ဖိဖိစီးစီး မကစားခဲ့မှုအတွက် အာဆင်နယ်အသင်းဟာ ပေးဆပ်မှု ကြီးမားခဲ့ပြီး သာမန်ပွဲချိန်အတွင်းမှာ တစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အိုလံပီယာကော့စ်က အနိုင်ရထားတာကြောင့် အချိန်ပို၃၀မိနစ် ကစားခဲ့ရပြီး ၁၁၃မိနစ်မှာ အူဘာမီယန်းက အာဆင်နယ် အသင်းအတွက် မျှော်လင့်ချက်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ကာ အဆိုပါဂိုးကြောင့် ပွဲဟာ ပြီးဆုံးခဲ့ပြီလို့ ထင်မှတ်ခဲ့ပေမယ့် ပွဲချိန် ၁၂၀မိနစ် မှာ အာရာဘီက အိုလံပီယာကော့စ်အသင်း အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: UEFA.com

အိုလံပီယာကော့စ်အသင်းရဲ့ အနိုင်ဂိုးကို ခွင့်ပြုပေးခဲ့ရအပြီး အာဆင်နယ်အသင်းဟာ လိုအပ်တဲ့သွင်းဂိုးတစ်ဂိုး ရရှိဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် နောက်ဆုံးမိနစ်မှာ ၇ကိုက်အကွာကနေ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို ရရှိခဲ့ပြီး အဆိုပါအခွင့်အရေးကို အူဘာမီယန်းက ကန်ခဲ့ပေမယ့် လွဲချော်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ အူဘာမီယန်းက အဆိုပါ အခွင့်အရေးကို ဂိုးအ​ဖြစ် မပြောင်းလဲနိုင်ခဲ့တာဟာ သူ့ရဲ့အပြစ်ပါ လို့ ဝမ်းနည်းစွာ ဖွင့်ဟလာခဲ့ပါတယ်။ အူဘာမီယန်း က ” ဟုတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လိုဖြစ်သွားမှန်းမသိလိုက်ဘူး။ ခံစားချက် က အတော်လေးဆိုးရွားပါတယ်။ ကျွန်တော် ဘာ့ကြောင့် ဒီအခွင့်အရေးကိုလွဲချော်ခဲ့သလဲဆိုတာ စဉ်းစားလို့ကို မရပါဘူး။ ကျွန်တော်ဟာ အတော်လေးကို ပင်ပန်းနေခဲ့ပါတယ်။ ပြီးတော့ ကြွက်သားနာကျင်မှုတချို့လဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒါက ခွင့်လွှတ်လို့ရတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်က ဒီအခွင့်အရေးကို ဂိုးသွင်းနိုင် သင့်ပါတယ် ” လို့ ဝမ်းနည်းစွာ ဖွင့်ဟသွားခဲ့တာပါ။