ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ အူဘာမီယန်းဟာ အသေးစား ဒဏ်ရာကြောင့် အသင်းရဲ့ နောက်ဆုံး လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ပြီး ယနေ့ညမှာ ကစားမယ့် အာဆင်နယ်နဲ့ ဆောက်သမ်တန် ပွဲစဉ်ကိုပါ လွဲချော်ဖွယ် ရှိကြောင်း သိရပါတယ်။

အသက် ၃၂နှစ် အရွယ် ဂါဘွန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၄ပွဲ ကစားပေးထားရာ သွင်းဂိုး ၄ဂိုးသာ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

အူဘာမီယန်း ဦးဆောင်တဲ့ တိုက်စစ်ပိုင်းရဲ့ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်နေရမှုကြောင့်ပဲ အာဆင်နယ်အသင်းက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲမှာ ၁ပွဲသာ အနိုင်ရခဲ့ကာ ၃ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

ယခုတပတ်မှာတော့ အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဆောက်သမ်တန်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး ရာသီကုန်မှာ ဥရောပဝင်ခွင့် တနေရာကို အရယူချင်နေတဲ့ အာဆင်နယ်အသင်း အတွက် အဆိုပါပွဲဟာ မဖြစ်မနေ အနိုင်ကစားရမယ့် ပွဲတပွဲလည်း ဖြစ်ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူး အူဘာမီယန်းဟာ ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့တာကြောင့် ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ် မရှိပဲ အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာရင်တောင် လူစားဝင် ကစားသမား အဖြစ်သာ ဝင်ရောက် ကစားနိုင်ကြောင်း သိရပါတယ်။

ဒါကြောင့်ပဲ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းကို ဝါရင့် ပြင်သစ် တိုက်စစ်မှူး လာကာဇက် (သို့) လူငယ် တိုက်စစ်မှူး မာတီနယ်လီတို့က ဦးဆောင်လာနိုင်ပြီး မာတီနယ်လီ ၊ ဆာကာနဲ့ စမစ်ရိုဝီတို့ရဲ့ သုံးဦးတွဲ တိုက်စစ်ကို မြင်တွေ့ရဖို့ အလားအလာ များနေပါတယ်။