နာမည်ကျော် ဘောလုံးနည်းပြတစ်ယောက်ဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုနဲ့ လက်တွဲဖြစ်ခဲ့တဲ့ အီတလီစီးရီးအေကလပ် ရိုးမားအသင်းကတော့ အသင်းရဲ့ ဂိုးသမား ပါအူလိုပက်ဇ်ကို မာဆေးလ်အသင်းဆီ တစ်ရာသီအငှားချခဲ့ပြီးနောက် သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်နေတဲ့ ပေါ်တူဂီဂိုးသမားကြီး ရူအီပတ်ထရစ်စီယိုကို ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိနေရာ အခုဆိုရင် ဒီဂိုးသမားကို အပြီးသတ် ခေါ်ယူနိုင်ဖို့ သေချာသလောက် ဖြစ်သွားခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Sportslens

ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်နဲ့ စပါးအသင်းတို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေကို ဆက်တိုက်တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ပေါ်တူဂီနည်းပြကြီး မော်ရင်ဟိုဟာ စပါးအသင်းနဲ့ လက်တွဲဖြုတ်လိုက်ရပြီးနောက်မှာတော့ သူယခင်ကတည်းက ကျင်လည်ခဲ့ဖူးတဲ့ အီတလီမှာ ထပ်မံနည်းပြဖို့ အကြောင်းဖန်လာခဲ့ရပြီး သူကိုင်တွယ်ရမယ့် အသင်းကတော့ ရိုးမားပဲဖြစ်ပါတယ်။ မော်ရင်ဟိုဟာ လက်ရှိမှာတော့ ရိုးမားအသင်းနဲ့အတူ ရာသီကြို ပြင်ဆင်မှုတွေကို လုပ်ဆောင်လျက် ရှိနေသလို အသင်းအတွက်ကိုလည်း ပထမဆုံး ကစားသမား ခေါ်ယူမှုအဖြစ် ဝုလ်ဗ်ဂိုးသမား ပတ်ထရစ်စီယိုကို ခေါ်ယူသွားတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၃၃)နှစ်အရွှယ်ရှိ ပေါ်တူဂီ ဝါရင့်ဂိုးသမားကြီး ပတ်ထရစ်စီယိုဟာ ပေါ်တူဂီထိပ်သီးကလပ် စပို့တင်းလစ္စဘွန်းအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်မှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တကျော့ပြန် တန်းတတ်လာခဲ့တဲ့ ဝုလ်ဗ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ပင်တိုင်ဂိုးသမားတစ်ယောက် ဖြစ်လို့နေတဲ့ ပတ်ထရစ်စီယိုကို မော်ရင်ဟိုက သူရဲ့ရိုးမားအသင်းဆီ ခေါ်ဆောင်ချင်နေပြီး နာမည်ကျော် အပြောင်းအရွေ့သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်တွေအရ ပတ်ထရစ်စီယိုအနေနဲ့ သိပ်မကြာခင်မှာပဲ ဆေးစစ်မှုတွေကို ခံယူသွားပြီး ရိုးမားအသင်းနဲ့ အပြောင်းအရွေ့ကိစ္စကို အပြီးသတ်သွားတော့မယ်လို့ သိရှိရပါတယ်။ ဝုလ်ဗ်အသင်းဘက်ကလည်း ပတ်ထရစ်စီယိုကို ရိုးမားအသင်းဆီ လက်လွတ်လိုက်ရမယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် အိုလံပီယာကော့စ်အသင်းရဲ့ ပေါ်တူဂီဂိုးသမား ဟိုဆေးဆာကို ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။