MySport Myanmar

နီကိုးလပ်စ် ဂျက်ဆင်ကို လာလီဂါဆီ ပြန်လည် ခေါ်ဆောင်ချင်နေတဲ့ အသက်လက်တီကို

စပိန်လာလီဂါ ထိပ်သီးကလပ် အသက်လက်တီကို မက်ဒရစ်အသင်းဟာ လာလီဂါကစားသမားဟောင်းဖြစ်တဲ့ တိုက်စစ်ကစားသမား နီကိုးလပ်စ် ဂျက်ဆင်ကို လာမယ့်နွေမှာ ချယ်လ်ဆီးအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ် ဆီနီဂေါလက်ရွေးစင် တိုက်စစ်မှူး ဂျက်ဆင်ဟာ ပြီးခဲ့တဲ့နွေကမှ ဗီလာရီးယဲလ်ကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဂျက်ဆင်က သူရဲ့ ပွဲဦးထွက်ရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၁၇)ဂိုးထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် အခွင့်အရေး လွဲချော်မှုများကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။

Photo Credit : Opta Analyst

ဒီရာသီမှာလည်း နီကိုးလပ်စ် ဂျက်ဆင်က အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုးထိ သွင်းယူခဲ့ပေမယ့်လည်း ထုံးစံအတိုင်း အပိုင်အခွင့်အရေးတွေက လွဲချော်မြဲ ဖြစ်နေတာကြောင့် ဝေဖန်မှုတွေ ခံနေရသေးပြီး လက်ရှိမှာဆိုရင်လည်း တံကောက်ကြော ဒဏ်ရာပါ ရရှိနေလို့ ဧပြီလအထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

နီကိုးလပ်စ် ဂျက်ဆင်ဟာ ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာ သဘောကျတဲ့ ကစားသမားဖြစ်လို့ တခြားကစားသမားတွေထက် အသင်းမှာ ပိုပြီး ပွဲကစားခွင့်တွေ ရရှိနေသလို အသင်းနဲ့လည်း သိပ်မကြာသေးခင်ကမှ ၂၀၃၃ခုနှစ်အထိ သက်တမ်းရှိတဲ့ နှစ်ရှည်စာချုပ်ကြီး တစ်ရပ်ကိုပါ ချုပ်ဆိုထားပါသေးတယ်။

Photo Credit : Goal

ဒီလို အခြေအနေမျိုး ရှိနေတဲ့ နီကိုးလပ်စ် ဂျက်ဆင်ကိုမှ လာလီဂါကလပ် အသက်လက်တီကိုအသင်းက အသင်းအတွက် ခေါ်ယူသွားချင်နေသလို ချယ်လ်ဆီးရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ အက်စတွန် ဗီလာနဲ့ နယူးကာဆယ်တို့ကလည်း ဂျက်ဆင်ကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။

အသက်လက်တီကိုဟာ ပြီးခဲ့တဲ့ နွေကတည်းက ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဂယ်လက်ဂါကို အသင်းဆီ ခေါ်ဆောင်ထားခဲ့သလို ချယ်လ်ဆီးကလည်း အသက်လက်တီကိုရဲ့ တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်ကိုပါ ပြန်လည် ခေါ်ယူထားခဲ့ပါသေးတယ်။ အခုလည်း အသက်လက်တီကိုက ချယ်လ်ဆီးရဲ့ ဂျက်ဆင်ကို ထပ်မံ အလိုရှိနေပြန်ပေမယ့် ခေါ်ယူနိုင်ဖို့ကတော့ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။

Exit mobile version