အသက်လက်တီကိုမက်ဒရစ်အသင်းကတော့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ အသင်းရဲ့ ညာနောက်ခံကစားသမား ကီရန်ထရစ်ပီယာကို အသင်းကနေ ရောင်းချသွားဖို့အတွက် ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ကမ်းလှမ်းလာမှုတွေကို လက်ခံသွားမှာမဟုတ်ပဲ ပြောင်းရွှေ့ကြေးကို ပေါင်(၄၃)သန်းအထိ အလိုရှိနေတယ်လို့ Sky Sports ကနေ ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit : Sky Sport

အသက်(၃၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ညာနောက်ခံကစားမား ထရစ်ပီယာဟာ ၂၀၁၉ခုနှစ်ကမှ စပါးအသင်းကနေ အသက်လက်တီကိုအသင်းဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာပဲ အသင်းနဲ့အတူ စပိန်လာလီဂါ အမှတ်ပေးချန်ပီယံဆုကိုပါ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ အသက်လက်တီကိုက သူတို့ရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ထရစ်ပီယာကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့် ယူနိုက်တက်နဲ့ အာဆင်နယ်တို့လို အင်္ဂလန် ကလပ်အသင်းတွေက ထရစ်ပီယာကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်ချင်နေကြတာမို့ အသက်လက်တီကိုဘက်ကနေ သူတို့ကစားသမားအတွက် အခုလို တန်ကြေးသတ်မှတ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Daily Express

လတ်တလောမှာတော့ ညာနောက်ခံကစားသမားတစ်ဦး အလိုရှိနေတဲ့ ယူနိုက်တက်အသင်းက ထရစ်ပီယာကို ခေါ်ယူဖို့အတွက် ကနဦးကမ်းလှမ်းချက်အဖြစ် ပေါင်(၁၃)သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို အသက်လက်တီကိုဘက်ကနေ ချက်ချင်းကို ပယ်ချလိုက်ပြီး သူတို့ကစားသမားကို ဘယ်အသင်းကဖြစ်ဖြစ် ခေါ်ယူချင်ယ်ဆိုရင် ပြောင်းရွှေ့ကြေးကို ပေါင်(၄၃)သန်းဝန်းကျင်နဲ့ ကမ်းလှမ်းလာမှသာ လက်ခံသွားမယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။ ဒီကစားသမားကို အာဆင်နယ်အသင်းကနေလည်း ခေါ်ယူသွားချင်နေပေမယ့် ပြောင်းရွှေ့ကြေးထက် စပိန်နောက်ခံအစွန်လူ ဟက်တာဘယ်လာရင်နဲ့သာ လဲလှယ်သွားချင်နေတာကြောင့် အပြောင်းအရွှေ့က ဖြစ်လာနိုင်ဖွယ် နည်းပါးနေရပါတယ်။ ဒါပေမယ့် ထရစ်ပီယာကိုယ်တိုင်က အင်္ဂလန်မြေကို ပြန်သွားချင်နေသလို သူငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းနိုင်ဖို့အတွက်လည်း စိတ်အားထက်သန်လျက် ရှိနေတာကြောင့် အသက်လက်တီကိုဘက်ကို ဖိအားပေးမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ ယူနိုက်တက်ကတော့ ထရစ်ပီယာကို ခေါ်ယူဖို့ မလွယ်ကူလာခဲ့ရင် နောက်ထပ်ညာနောက်ခံလူတစ်ယောက်ကို ထပ်မံကမ်းလှမ်းသွားဖို့အတွက် နောဝစ်ချ်စီးတီး နောက်ခံအစွန်လူ မက်စ်အာရွန်ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။