ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ မနေ့ညကပဲ စတင်ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ပီအက်စ်ဂျီအသင်းက အတ္တလန်တာအသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရကာ ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ညမှာတော့ ဥရောပရဲ့ဒိတ်ဒိတ်ကြဲအသင်းတစ်သင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်နဲ့ ဂျာမန်နာမည်ကျော်အသင်း လိုက်ဇ်ပစ်တို့ ဆုံတွေ့ကြမှာဖြစ်ပြီး ဒီပွဲစဉ်ရဲ့အကြောင်းကို အသေးစိတ်သုံးသပ် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Marca

ခံစစ်ပိုင်း အလွန်ကျစ်လစ်ပြီး ဥရောပအတွေ့အကြုံကောင်းတွေလည်းရှိနေတဲ့ အသက်လက်တီကိုအသင်းကတော့ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အောင်မြင်မှုတွေရယူနိုင်ဖို့ ပစ်မှတ်ထားတဲ့ လာလီဂါထိပ်သီးအသင်းတစ်သင်းဖြစ်ပြီး လိုက်ပ်ဇစ်ထက်လည်း ကစားသမားပိုင်း သမ္ဘာပိုင်းမှာ ပိုသာလွန်နေပါတယ်။ အခုပွဲမှာ မပါဝင်နိုင်တဲ့ ကစားသမားတွေကလည်း ကော်ရီရာနဲ့ ဗာဂျယ်ကိုတို့လောက်ပဲ ရှိနေတာဖြစ်လို့ အင်အားတောင့်တင်းနေမှာ သေချာနေသလို ဒီလိုတစ်ကျော့တည်းကစားရတဲ့ ရှံးထွက်ပွဲမျိုးမှာဆိုရင်လည်း ခံစစ်က လုံးဝဂိုးမပေးရအောင် အဓိကထား ကစားမှာဖြစ်ပြီး အခွင့်အရေးရမှ ပြိုင်ဘက်အသင်းဆီကို ဂိုးသွင်းယူမယ့် ပုံစံမျိုးကို တည်ဆောက်လာဖွယ် ရှိနေပါတယ်။

Photo Credit : Once a Metro

လိုက်ပ်ဇစ်ရဲ့ချန်ပီယံအတွေ့အကြံုက နှနယ်နေသေးတယ်ဆိုပေမယ့် အထင်သေးလို့မရတဲ့ အသင်းကောင်းတစ်သင်းဆိုတာကို ပြီးခဲ့တဲ့ပွဲတွေမှာ သက်သေပြထားနိုင်ခဲ့ပြီဖြစ်လို့ အသက်လက်တီကိုအတွက် ခက်ခဲစေမယ့်ပြိုင်ဘက် ဖြစ်လာနိုင်မှာပါ။ တိုက်စစ်မှာ တီမိုဝါနာမရှိတော့တာကတော့ အားနည်းချက် အနည်းနဲ့အများ ဖြစ်လာနိုင်သလို အသင်းခေါင်းဆောင် ဆဘိုင်ဇာပါ ဒူးဒဏ်ရာခံစားနေရတဲ့အတွက် အသက်လက်တီကိုထက် လိုက်ပ်ဇစ်မှာ ကစားသမားပိုင်းက အားနည်းနေနိုင်ပါတယ်။ ဒါပေမယ့် သူတို့အသင်းမှာ ကွာလတီကစားသမားတွေ ရှိနေသေးသလို မီနီမော်ရင်ဟိုလို့ တင်စားရလောက်တဲ့အထိ နည်းစနစ်ပိုင်းအားကောင်းတဲ့ နည်းပြနီဂယ်လ်စ်မန်းလည်း ရှိနေပါသေးတယ်။

Photo Credit : Indosport

တစ်ကျော့တည်းကိုပဲ ယှဉ်ပြိုင်ကစားပြီး အဆုံးအဖြတ်ခံယူရမယ့်ပွဲဖြစ်တာကြောင့် ကစားသမားပိုင်း အတွေ့အကြံုပိုင်းတွေ ကွာဟချက်တွေ ရှိနေမယ်ဆိုရင်တောင် ဘယ်အသင်းကိုမှ လျှော့တွက်လို့မရသလို အံ့အားသင့်ဖွယ်ရလဒ်တွေလည်း ထွက်ပေါ်လာနိုင်ပါတယ်။ ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် အခုမှ ပထမဆုံးအကြိမ်အဖြစ် ထိပ်တိုက်ရင်ဆိုင်ရမယ့် အသင်းနှစ်သင်းဖြစ်နေတဲ့အတွက် တစ်သင်းရဲ့ခြေစွမ်းကို နောက်တစ်သင်းက မှန်းရခက်နိုင်ပါတယ်။ ဒါပေမယ့် လတ်တလောအခြေအနေတွေအရတော့ အသက်လက်တီကိုအသင်းကပဲ နောက်တစ်ဆင့်တတ်ဖို့ ပိုရေပန်းစားသလို အနိုင်ရလဒ်ကို ကျားကုပ်ကျားခဲ ရယူတတ်တဲ့ အသက်လက်တီကိုအသင်းကို ပိုသဘောကျမိပါတယ်။ ဂိုးလည်းနည်းနိုင်ပါတယ်။