အသက်လက်တီကို မက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ပစ်မှတ် ကစားသမားဖြစ်နေတဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ကို လာမယ့်နွေမှာ ကြားဖြတ် ခေါ်ယူဖို့ စီစဉ်လျက် ရှိနေတယ်လို့ The Times သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ထင်မှတ်မထားလောက်အောင် သူရဲ့ လာလီဂါ ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းပြသလျက် ရှိနေပြီး စွမ်းဆောင်ရည်ကောင်းတွေလည်း ပြသလို့ထားပါတယ်။

Photo Credit : Stretty News

အခုဆိုရင် ဂရင်းဝုဒ်က ဂီတာဖေးအသင်းအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲ ကစားထားပြီးချိန် (၈)ဂိုး သွင်းယူထားရင်း (၅)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါသေးတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့်လည်း ဂရင်းဝုဒ်ကို ဘာစီလိုနာ အသက်လက်တီကိုတို့ အပါအဝင် လာလီဂါ ကလပ်အသင်းတွေက စိတ်ဝင်စားလျက် ရှိနေကြပါတယ်။

ဂရင်းဝုဒ်ရဲ့ မူလကလပ် ယူနိုက်တက်အသင်းဘက်ကလည်း ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်သွားဖို့ ရှိနေတယ် ဆိုပေမယ့် လတ်တလော အနေအထားတွေအရတော့ ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့က လက်တွဲဖြုတ်ဖို့သာ အခြေအနေများနေရပါတယ်။

Photo Credit : CaughtOffside

ဒီလို အခြေအနေတွေကြောင့် ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေက လာမယ့်နွေမှာ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းလာကြပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဘာစီလိုနာက သူတို့ရဲ့ အားကစားဒါရိုက်တာ ဒေကိုနဲ့ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတို့ ဆုံတွေ့ရင်း ဂရင်းဝုဒ် အပြောင်းအရွှေ့နဲ့ ပတ်သက်တာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထွက်လာပါသေးတယ်။

ဒါပေမယ့် ဒီအခြေအနေမှာ ဘာစီလိုနာက ဂရင်းဝုဒ်အတွက် ယူနိုက်တက်အသင်း အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းသွားဖို့က ခက်ခဲနေနိုင်တာမို့ ဒီအခြေအနေကို အသက်လက်တီကိုဘက်က ကြားဖြတ်သွားဖို့ စီစဉ်လျက် ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း စပိန်မှာပဲ ဆက်နေချင်တာဖြစ်လို့ ယူနိုက်တက်ကနေ သေချာပေါက် ထွက်ခွာနိုင်ဖွယ် ရှိနေပါတယ်။