အသက်လက်တီကိုမက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းအပါအဝင် ဥရောပထိပ်သီး ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိလို့နေတဲ့ သူတို့အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား မားကို့စ်လော်ရန်တေးဟာ တန်ကြေး ယူရိုသန်း(၁၂၀)အထိ ရှိနေတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်လိုက်ကြောင်း စပိန်နာမည်ကျော် သတင်းစာတစ်ခုဖြစ်တဲ့ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား မားကို့စ်လော်ရန်တေးဟာ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပြီး အသက်(၁၃)နှစ်သားအရွှယ်မှာပဲ ရီးရဲလ်မက်ဒရစ် လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့ကာ ၂၀၁၅ခုနှစ်မှာပဲ သူရဲ့ ရီးရဲလ်စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့ပေမယ့် လော်ရန်တေးက ရီးရဲလ်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ၂၀၁၉ခုနှစ်မှာတော့ လော်ရန်တေးဟာ ရီးရဲလ်အသင်းရဲ့ မြို့ခံပြိုင်ဘက် အသက်လက်တီကိုအသင်းဆီကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး အသက်လက်တီကိုအသင်းရဲ့ အဓိက ကွင်းလယ်လူတစ်ယောက်အဖြစ်နဲ့ပါ ရပ်တည်လာနိုင်ခဲ့ပါတယ်။

Photo Credit : Daily Express

ကွင်းလယ်ဗဟိုမှာရော နောက်ချန်တိုက်စစ်နေရာမှာပါ ပါဝင်ကစားတတ်တဲ့ လော်ရန်တေးဟာ အသက်လက်တီကိုအသင်းမှာ (၂)ရာသီနီးပါး ပါဝင်ကစားခဲ့ပြီးနောက် သူရဲ့အကောင်းဆုံး အရည်အသွေးတွေကို ပြသထားနိုင်ခဲ့တဲ့အတွက် သူ့ကို ယူနိုက်တက်အပါအဝင် ထိပ်သီးကလပ်အသင်းတွေကနေ စိတ်ဝင်စားလာခဲ့ကြပါတယ်။ ဒါပေမယ့် လော်ရန်တေးဟာ အသက်လက်တီကိုအသင်းနဲ့ (၃)နှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးတာဖြစ်သလို အသက်လက်တီကိုဘက်ကနေလည်း သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိတာကြောင့် ကစားသမားဖြစ်သူရဲ့ တန်ကြေးကို မြင့်မြင့်မားမား သတ်မှတ်လိုက်ပြီး ယူရိုသန်း(၁၂၀)နဲ့ ကမ်းလှမ်းလာမှသာ လက်ခံစဉ်းစားပေးသွားမယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။ အသက်လက်တီကိုဟာ လော်ရန်တေးကို ရီးရဲလ်အသင်းကနေ ယူရိုသန်း(၃၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် လော်ရန်တေးက အသင်းမှာ ခြေစွမ်းပြသလာနိုင်ပြီး ပုံမှန်နေရာကိုပါ ပိုင်ဆိုင်လာခဲ့တဲ့အတွက် သူရဲ့တန်ကြေးက မြင့်မားလာခဲ့ရတာဖြစ်ပြီး Transfermarket မှာ သတ်မှတ်လို့ထားတဲ့ လော်ရန်တေးရဲ့ လက်ရှိတန်ကြေးကတော့ ယူရိုသန်း(၇၀)အထိ ရှိလို့နေပါတယ်။