စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်က မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ အတွက် သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဂရစ်ဇ်မန်းကို ရောင်းချရန် ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဒန်ကန် ကတ်စတယ်က အခိုင်အမာ ဖော်ပြသွားပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ချိန်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပြောင်းခွင့်ပေးဖို့ တောင်းဆိုထားသူပါ။

Photo Credit: Mirror

ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းဆိုထားပေမယ့် လက်ရှိ နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ များများစားစား မရှိခဲ့ပဲ အက်သလက်တီကို မက်ဒရစ်ကသာ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်နဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေ ကြားထဲမှာ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ အက်သလက်တီကို မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီက ရိုနယ်ဒိုကို သူတို့အသင်းဆီ အရ ခေါ်ဆောင်ဖို့ ဆုံးဖြတ်ထားတာကြောင့် ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ အက်သလက်တီကို မက်ဒရစ်က ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ကာ ဂရစ်ဇ်မန်းကို အရောင်းစာရင်း တင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Mirror

အသက် ၃၁နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ကမှ ဘာစီလိုနာကနေ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်ဆီ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် အသင်းနည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး မပြေလည်တာကြောင့် ယခုလိုမျိုး အရောင်းစာရင်း တင်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။