စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်က သူတို့အသင်းရဲ့ နွေရာသီ ထိပ်သီး ပစ်မှတ် ကစားသမား တဦး ဖြစ်သူ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဂရစ်ဇ်မန်းအား အလိုက်ပေး ကမ်းလှမ်းရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Times သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီက ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ အကြီးစား ပရိသတ် တဦး ဖြစ်ပြီး ဆီမြွန်နီက ရိုနယ်ဒိုနဲ့အတူ အလုပ်တွဲလုပ်ဖို့ စိတ်ကူးယဉ်ထားသူ ဖြစ်တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ရိုနယ်ဒိုကို ခေါ်ယူပေးဖို့ အက်သလက်တီကို မက်ဒရစ်ရဲ့ ဘုတ်အဖွဲ့ထံ တင်ပြ တောင်းဆိုထားပါတယ်။

Photo Credit: Sport Bible

တဖက်မှာလည်း ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ အက်သလက်တီကို မက်ဒရစ်ဆီ ပြောင်းရွှေ့ကာ ဆီမြွန်နီနဲ့ လက်တွဲဖို့ စိတ်ဝင်စားနေပါတယ်။

ကနဦးမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုနဲ့ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်တို့က ရိုနယ်ဒိုရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦး မရှာဖွေနိုင်မှာ စိုးရိမ်တာကြောင့် ရိုနယ်ဒိုကို ရောင်းချဖို့ ငြင်းဆန်နေခဲ့ကြပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၂) အပြီးမှာတော့ အဲရစ် တန်ဟက်ဂ်က အသင်းမှာ မပျော်ရွှင်တဲ့ ရိုနယ်ဒိုကို ရောင်းချဖို့ ခေါင်းညိတ်လိုက်ပါတယ်။

Photo Credit: Sport Bible

ဒါကြောင့်ပဲ အက်သလက်တီကို မက်ဒရစ်အနေနဲ့ ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ ဂလေဇာမိသားစုနဲ့ သဘောတူညီမှု ရရန်သာ လိုအပ်တော့ပြီး အက်သလက်တီကို မက်ဒရစ်က ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် ၊ တချိန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမားလည်း ဖြစ်ဖူးတဲ့ ဂရစ်ဇ်မန်းကို အလိုက်ပေး ကမ်းလှမ်းချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနရဲ့ ဖော်ပြချက်အရ အက်သလက်တီကို မက်ဒရစ်က ဂရစ်ဇ်မန်းနဲ့ ရိုနယ်ဒိုကို အလဲအထပ် လုပ်ချင်နေပြီး အကယ်၍ ယူနိုက်တက်ဘက်က ဂရစ်ဇ်မန်းကို မလိုချင်ရင် မိုရာတာကို အလိုက်ပေးဖို့ အထိ ဆုံးဖြတ်ထားကာ လာမယ့် ရက်ပိုင်းအတွင်းမှာ အက်သလက်တီကို မက်ဒရစ်ဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းလာမယ်လို့ သိရပါတယ်။