MySport Myanmar

ရိုနယ်ဒိုကို ခေါ်ယူနိုင်မယ့် အခွင့်အရေးအား ငြင်းဆန် ပယ်ချလိုက်တဲ့ အက်သလက်တီကို

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်က ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုကို ခေါ်ယူနိုင်မယ့် အခွင့်အရေးအား ရခဲ့ပေမယ့် ငြင်းဆန် ပယ်ချလိုက်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ရာသီသစ်မှာ ချန်ပီယံလိဂ် ကန်ချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေသူ ဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်က ရိုနယ်ဒိုကို ပီအက်စ်ဂျီ ၊ ဘိုင်ယန်မြူးနစ် ၊ ချယ်လ်ဆီး ၊ ဘာစီလိုနာ ၊ အက်သလက်တီကို မက်ဒရစ် စတဲ့ အသင်းတွေဆီ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Express

ဒါပေမယ့် ဥရောပ အသင်းကြီးတွေ ဖြစ်ကြတဲ့ ပီအက်စ်ဂျီ ၊ ဘိုင်ယန်မြူးနစ် ၊ ချယ်လ်ဆီးနဲ့ ဘာစီလိုနာ စတဲ့ အသင်းတွေ အားလုံးက ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်နေတဲ့ ရိုနယ်ဒိုကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဒါကြောင့် ရိုနယ်ဒိုက အက်သလက်တီကို မက်ဒရစ် တသင်းထဲဆီသာ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေး ရှိခဲ့ပြီး ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်နဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ စီအီးအို ဂယ်လ် မာရင်တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Express

အက်သလက်တီကို မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီက သူ့ရဲ့ အကြိုက်ဆုံး ကစားသမား ဖြစ်သူ ရိုနယ်ဒိုနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဆန္ဒရှိနေပေမယ့် အက်သလက်တီကို မက်ဒရစ်က ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့် သူတို့ရဲ့ ကစားသမားသစ်တွေကိုတောင် စာရင်းသွင်းလို့ မရသေးတဲ့ အနေအထားပါ။

နာမည်ကြီး စပိန်သတင်းထောက် ပါတီဒါဇိုရဲ့ ဖော်ပြချက်အရလည်း ဂျော့စ် မန်ဒက်က အက်သလက်တီကို မက်ဒရစ်ရဲ့ စီးအီးအို ဂယ်လ် မာရင်နဲ့ တွေ့ဆုံခဲ့ချိန်မှာ သူ့ရဲ့ ကစားသမားဟာ အက်သလက်တီကို မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ဖို့ အတွက် လုပ်ခလစာ လျှော့ယူဖို့ စဉ်းစားထားကြောင်း အသိပေးခဲ့ပေမယ့် ဂယ်လ် မာရင်က ရိုနယ်ဒိုကို ခေါ်ယူဖို့ ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။

Exit mobile version