စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် လာလီဂါပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို လက်လွှတ် ဆုံးရှုံးထားရသလို အသစ် ခေါ်ယူထားတဲ့ တိုက်စစ်မှူး အဂူရိုကလည်း ဒဏ်ရာ ပြဿနာတွေနဲ့ အနားယူနေရတာကြောင့် တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနနဲ့ စပိန်အခြေစိုက် သတင်းဌာန အများစုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ဂျာအိုဖီးလစ်ရဲ့ အေးဂျင့် ဂျော့စ်မန်ဒက်ကို ချဉ်းကပ်ကာ ဂျာအိုဖီးလစ်အား အငှားခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ လက်ဗလာနဲ့သာ ပြန်ခဲ့ရကြောင်း သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဂျာအိုဖီးလစ်ကို ၂၀၁၉ခုနှစ်မှာ ဘင်ဖီကာအသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၂၇သန်း အထိ ပေးချေကာ ခေါ်ယူထားတာ ဖြစ်ပြီး ဂျာအိုဖီးလစ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူပါ။

Photo Credit: Marca

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ ဂျာအိုဖီးလစ်ကို တရာသီ အငှားကြေး ယူရို ၁၅သန်း + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြောင်း သိထားရပြီး အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြ ဆီမြွန်နီကတော့ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံ ဆွေးနွေးခြင်း မရှိသလို ဂျော့စ်မန်ဒက်ကိုလည်း ဂျာအိုဖီးလစ်ရဲ့ အနာဂတ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းမှာသာ ဆက်လက် ရှိနေကြောင်း အသိပေးခဲ့ပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ နည်းပြကိုးမန်းရဲ့ တောင်းဆိုချက်အတိုင်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး ခရိုအေးရှား ဝါရင့် တိုက်စစ်မှူး မန်ဇူကစ်ဟာ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။