နွေစျေးကွက်စတင်ဖွင့်လှစ်ချိန်ကတည်းက အနာဂတ်အခြေအနေတွေ တအားကို လှုပ်ခတ်လို့နေတဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသူဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့အတွက် လက်ကျန်စာချုပ်သက်တမ်းကို ဖျက်သိမ်းသွားဖို့ လုပ်ဆောင်နေရာ အဆင်ပြေဖွယ်ရှိနေပြီး ဆွာရက်ဇ်ကိုယ်တိုင်လည်း ဘာစီလိုနာရဲ့လာလီဂါပြိုင်ဘက်အသင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖွယ် ရှိလို့နေပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းဆီကို နည်းပြသစ် ရော်နယ်ကိုးမန်း စတင်ကိုင်တွယ်ချိန်ကနေစတင်ပြီး သူရဲ့အနာဂတ်တွေက စတင်လှုပ်ခတ်လာခဲ့ကာ ကိုးမန်းကိုယ်တိုင်ကလည်း သူ့ကို အသင်းကနေ ထုတ်ရောင်းသွားဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ အခုတော့ ဆွာရက်ဇ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ကြားမှာ စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးနေကြပြီဖြစ်ပြီး ဖျက်သိမ်းဖြစ်ခဲ့မယ်ဆိုရင်တော့ ဆွာရက်ဇ်ဟာ အသက်လက်တီကိုအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Eurosport

အနာဂတ်အခြေအနေတွေ လှုပ်ခတ်လာခဲ့တဲ့ ဆွာရက်ဇ်နဲ့ ပထမဆုံးသတင်းထွက်ခဲ့တဲ့ ကလပ်အသင်းက ဂျုဗင်တပ်စ်အသင်းဖြစ်ပေမယ့်လည်း ဂျုဗင်တပ်စ်နည်းပြပီယာလိုကိုယ်တိုင် ဆွာရက်ဇ်ကို ခေါ်ယူမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားခဲ့သလို လက်ရှိမှာလည်း ဂျုဗင်တပ်စ်က သူတို့ရဲ့တိုက်စစ်မှူးဟောင်းဖြစ်တဲ့ အဲဗာရိုမိုရာတာကို အသက်လက်တီကိုအသင်းကနေ ပြန်လည်ခေါ်ယူသွားဖို့ ပစ်မှတ်ထားလို့နေပါတယ်။ ဂျုဗင်တပ်စ်အသင်းကလည်း ရိုးမားရဲ့တိုက်စစ်မှူးကြီး အီဒင်ဒီဇီကို ကို ခေါ်ယူနိုင်ဖို့က အပြီးမသတ်နိုင်သေးတဲ့အတွက် မိုရာတာကို ပြန်လည်ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ ကစားသမားအပြောင်းအရွှေ့တွေကတော့ ဘာစီလိုနာ ဂျုဗင်တပ်စ်နဲ့ အသက်လက်တီကိုအသင်းတို့ကြားမှာ ပတ်သက်ဆက်နွယ်နေမှာဖြစ်ပြီး အလိုရှိနေတဲ့ ကစားသမားကို ရရှိမှသာ အခြားအသင်းဘက်ကနေ အလိုရှိနေတဲ့ သူတို့တွေရဲ့ကစားသမားတွေကို လက်လွတ်ဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းကတော့ လက်ရှိမှာ ဆီမီဒိုကို ဝုလ်ဗ်အသင်းဆီ ရောင်းထုတ်ပြီး ရရှိလာမယ့် ပြောင်းရွှေ့ကြေးနဲ့ လိုင်ယွန်တိုက်စစ်မှူး မန်ဖစ်ဒီပိုင်းကို ခေါ်ယူပြီး ဆွာရက်ဇ်နေရာမှာ အစားထိုးဖို့ ပြင်ဆင်လာမှာဖြစ်ပါတယ်။ အသက်လက်တီကိုကလည်း ဆွာရက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီဆိုရင် ဒီယေဂိုကော်စတာကို လက်လွတ်တော့မှာဖြစ်သလို မိုရာတာကို သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်ဆီ ပြန်လည်ရောင်းချသွားနိုင်ပါတယ်။