စပိန်လာလီဂါချန်ပီယံ အသက်လက်တီကိုမက်ဒရစ်အသင်းဟာ အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ဆာအူးနဲ့ မန်စီးတီးအသင်းကနေ ရောင်းထုတ်သွားဖွယ်ရှိနေတဲ့ ပေါ်တူဂီကြယ်ပွင့် ကွင်းလယ်ကစားသမား ဘာနာဒိုဆေးဗားတို့ကို တိုက်ရိုက်အလဲအထပ် လုပ်သွားဖို့ ဆန္ဒရှိလို့နေပြီး ကမ်းလှမ်းမှုပါ လုပ်ဆောင်လာဖွယ် ရှိနေတယ်လို့ The Times ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ဒီကစားသမား(၂)ယောက်လုံးဟာ လတ်တလောမှာ သူတို့ရဲ့ သက်ဆိုင်ရာအသင်းတွေမှာ အနာဂတ်မရေမရာ ဖြစ်လို့နေရပြီး စပိန်ကွင်းလယ်ကစားသမား ဆာအူးဆိုရင် အသက်လက်တီကိုအသင်းနဲ့ လာလီဂါချန်ပီယံဆုကို မပိုင်ဆိုင်နိုင်သေးခင်ကတည်းက ကောလဟာလတွေ ထွက်ပေါ်ခဲ့သလို လတ်တလောကလည်း ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွေ့ဖို့အတွက် သဘောတူညီမှု ရယူထားခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးဗားမှာလည်း အသင်းဘက်ကနေ သူ့ကိုရောင်းထုတ်သွားဖို့ အစီအစဉ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး သူ့ကိုလည်း ကလပ်အသင်းများစွာကနေ ခေါ်ယူသွားချင်နေပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေရှိနေတဲ့ ဘာနာဒိုဆေးဗားနဲ့ ဆာအူးတို့ကို တိုက်ရိုက်လဲလှယ်သွားဖို့ အသက်လက်တီကိုအသင်းဘက်ကနေ ဆန္ဒရှိလို့နေပြီး အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ဟိုကို လက်တွဲဖြုတ်ရတော့မယ့် မန်စီးတီးအသင်းမှာလည်း ဖာနန်ဒင်ဟိုနေရာမှာ ဆာအူးလို အရည်အသွေးမြင့်မားတဲ့ ကစားသမားတစ်ဦးနဲ့ ပြန်လည်အစားထိုးနိုင်မှာဖြစ်လို့ ဒီကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ သက်ဆိုင်ရာ အမှတ်ပေးလိဂ်တွေရဲ့ ချန်ပီယံဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ကြတဲ့ ဆာအူးနဲ့ ဘာနာဒိုဆေးဗားတို့(၂)ယောက်မှာ လတ်တလော တန်ကြေးအရ ဘာနာဒိုရဲ့တန်ကြေးက ဆာအူးကို ပိုမြင့်မားနေတာကြောင့် ကစားသမားချင်း တိုက်ရိုက်လဲလှယ်တာထက် ဆာအူးအပြင် ပြောင်းရွှေ့ကြေးတချို့နဲ့ ကမ်းလှမ်းလာမှသာ မန်စီးတီးဘက်ကနေ လက်ခံလာဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံမှာ (၅)ဂိုးသွင်းယူပြီး (၉)ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ဘာနာဒိုဆေးဗားဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ မန်စီးတီးအသင်းဆီကို ယူရို(၅၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။