အသက်လက်တီကိုမက်ဒရစ်အသင်းကတော့ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ရဲ့ခြေရာကို နင်းနိုင်မယ့် ကစားသမားတစ်ယောက်လို့ သတ်မှတ်ခံနေရတဲ့ ဆယ်ကျော်သက်အရွှယ် ဥရုဂွေးလူငယ် တိုက်စစ်မှူးလေး မာသီးယပ်စ်အာရီဇိုကို အသင်းဆီ အရခေါ်ယူသွားဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေရ အခြေအနေအကောင်းဆုံး ရှိလာနေပြီလို့ သိရှိရပါတယ်။

Photo Credit : Tenfields

အသက်(၁၈)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဥရုဂွေးတိုက်စစ်မှူးလေး အာရီဇိုဟာ ဥရုဂွေးကလပ်အသင်း ကလပ်အသက်လက်တီကိုရေးဗားပလိတ်အသင်းမှာ ပါဝင်ကစားနေတဲ့ လူငယ်ကြယ်ပွင့်လေးတစ်ယောက်ဖြစ်ပြီး သူရဲ့တိုက်စစ်ကစားဟန်တွေကြောင့် သူရဲ့ဥရုဂွေးစီနီယာကစားသမားကြီး လူးဝစ်ဆွာရက်ဇ်နဲ့ ခိုင်းနှိုင်းတင်စားခံနေရသူလည်းဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်ကမှ စီနီယာကစားသမားဘဝကို စတင်ခဲ့တဲ့ အာရီဇိုဟာ ဥရောပထိပ်တန်း ဘောလုံးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး အသက်လက်တီကိုလည်း ဒီအသင်းတွေမှာ ပါဝင်လျက်ရှိနေပါတယ်။

Photo Credit : Goal

အသက်လက်တီကိုအသင်းဟာ လက်ရှိ အသင်းရဲ့တိုက်စစ်ပိုင်းမှာ လူးဝစ်ဆွာရက်ဇ် ဂျာအိုဖီးလစ် ကော်ရီယာ ကာရက်စ်ကို ဗွီတိုလိုနဲ့ လိုင်ယွန်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီတို့ ရှိနေပေမယ့်လည်း အသင်းရဲ့အနာဂတ်အစီအစဉ်တွေကြောင့် အာရီဇိုကို အလိုရှိနေရတာဖြစ်ပါတယ်။ အသက်လက်တီကိုအသင်းဟာ ဒီ ဥရုဂွေးယူ-၂၃ ကစားသမားလေးကို ခေါ်ယူဖို့အတွက် အသက်လက်တီကိုရေးဗားပလိတ်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေပြီး ယူရို(၁၂)သန်းနဲ့ ခေါ်ယူသွားဖို့ အခြေအနေကောင်းလျက် ရှိနေပါတယ်။ အသက်(၁၅)နှစ်အရွှယ်ကတည်းက စီနီယာကစားသမားဘဝကို စတင်ခဲ့တဲ့ အာရီဇိုဟာ သူရဲ့ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ(၆၂)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၂၁)ဂိုးအထိ သွင်းယူထားပါတယ်။ ရေးဗားပလိတ်အသင်းနဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ အာရီဇိုဟာ လာမယ့်နွေစျေးကွက်အတွင်းမှာသာ အသက်လက်တီကိုအသင်းဆီကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဒုတိယမြောက် အသက်အငယ်ဆုံးသော တောင်အမေရိက ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာရီဇိုမတိုင်ခင်မှာပဲ အသက်(၂၀)အရွှယ်သာ ရှိသေးတဲ့ ဘရာဇီးလူငယ်လေး မားကို့စ်ပေါ်လိုကိုပါ ခေါ်ယူဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။