ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေမရပ်နားခင် ကာလအတွင်း အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမားလေး ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတစ်သင်း မြောက်များစွာလှသော ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ဒီကမ်းလှမ်းချက်ကို အသက်လက်တီကိုအသင်းဘက်ကနေ ပယ်ချသွားခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ ဂျာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ဘင်ဖီကာအသင်းကနေ အသက်လက်တီကိုအသင်းဆီကို ပေါင်(၁၂၂)သန်းရောက်ရှိလာခဲ့ပြီး အသက်လက်တီကိုအသင်းကို မရောက်ရှိခင် ဘင်ဖီကာမှာတုန်းက သူ့ကိုအလိုရှိတဲ့ ဥရောပကလပ်အသင်းပေါင်းများစွာ ရှိခဲ့သလို ဒီအသင်းတွေကြားထဲကနေ အသက်လက်တီကိုက ဖီးလစ်ကို လက်ဦးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖီးလစ်ဟာ သူရဲ့ လာလီဂါ ပထမဆုံးရာသီမှာ အနည်းငယ်ရုန်းကန်မှုလေးတွေနဲ့ ရင်ဆိုင်နေရပြီး ဒဏ်ရာပြသာနာတွေကြောင့် သွင်းဂိုးတွေလည်း နည်းပါးခဲ့လို့ သူရဲ့ပြောင်းရွှေ့ကြေးမတန်တဲ့ ကစားသမားလို့ သတ်မှတ်ခံနေရပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ပေါ်တူဂီတိုက်စစ်မှူးလေးကို အမည်ဖော်ထားခြင်း ပရီးမီးယားလိဂ်က ထိပ်သီးကလပ်အသင်းတစ်သင်းကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၅၀)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အသက်လက်တီကိုအသင်းဘက်ကတော့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ကမ်းလှမ်းခဲ့တဲ့အသင်းက ဘယ်အသင်းလဲဆိုတာကို သေချာမဖော်ပြထားခဲ့ပေမယ့် ဂျာအိုဖီးလစ်ကို ယခင်ကတည်းက ပစ်မှတ်ထားနေခဲ့တဲ့ ကလပ်အသင်းတစ်သင်းဖြစ်နိုင်ပြီး ဒီလိုပမာဏနဲ့ ကမ်းလှမ်းခဲ့တာဆိုရင် မန်ချက်စတာအသင်းနှစ်သင်းထဲက တစ်သင်းဖြစ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ တိုက်စစ်မှူးလေးဖီးလစ်ဟာ ဒီရာသီမှာ အသက်လက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ(၂၉)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၈)ဂိုးနဲ့ ဂိုးဖန်တီးမှု(၃)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး နောက်ဆုံးပါဝင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာတော့ အသက်လက်တီကိုအတွက် သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့ပါတယ်။