အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ဂိုးသမားဖြစ်သူ ဂျန်အော့ဘလက်ကတော့ လတ်တလောမှာ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ပေါ်ထွက်နေတယ်ဆိုပေမယ့် ဒီအကြောင်းအရာတွေကို ပြောဆိုဖို့က အချိန်တွေများစွာ ကျန်ရှိနေသေးတာကြောင့် အခုအချိန်မှာ သူရဲ့အသက်လက်တီကိုအသင်းအတွက် အရေးပါနေတဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကိုသာ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

အသက်(၂၇)နှစ်အရွှယ်ရှိ ဆလိုဗေးနီးယားလက်ရွေးစင် ဂိုးသမား အော့ဘလက်ဟာ စပိန်လာလီဂါမှာရော ကမ္ဘာ့ဘောလုံးလောကအတွင်းမှာပါ အကောင်းဆုံးဂိုးသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး သူ့ကို အသင်းပေါင်းများစွာကနေလည်း အလိုရှိနေကြသလို ဒီအသင်းတွေအားလုံးထဲမှာ ချယ်လ်ဆီးအသင်းက အော့ဘလက်ကို အလိုအရှိဆုံးဖြစ်နေပါတယ်။ ချယ်လ်ဆီးအသင်းက အသင်းက ဂိုးသမားဖြစ်သူ ကယ်ပါရဲ့လက်စွမ်းတွေကို မနှစ်သက်တာကြောင့် သူ့နေရာမှာ အော့ဘလက်နဲ့ အစားထိုးသွားချင်နေတာဖြစ်ပြီး လတ်တလောမှာလည်း ချယ်လ်ဆီးနဲ့ အော့ဘလက်တို့ သတင်းတွေက အတော်လေးကို ထွက်ပေါ်လို့နေပါတယ်။

Photo Credit : AS English

ဒီလို အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဒီကိစ္စတွေက လောလောဆယ်မှာ သူ့အတွက် အရေးကြီးတဲ့အရာတွေ မဟုတ်သေးပဲ အသင်းရဲ့ချန်ပီယံလိဂ်ပွဲစဉ်ကသာ အရေးအကြီးဆုံးဖြစ်နေတယ်လို့ အော့ဘလက်က သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောဆိုလာခဲ့ပါတယ်။ အော့ဘလက်က “ဒီအချိန်မှာ အဲ့ဒီအပြောင်းအရွှေ့ အကြောင်းအရာတွေကို ပြောဆိုမသင့်သေးပါဘူး။ အခုက လိုက်ပ်ဇစ်နဲ့ ပွဲအတွက်ကိုပဲ အာရုံစိုက်ထားတယ်။ ပြိုင်ပွဲတွေအားလုံးပြီးဆုံးသွားပြီဆိုရင်တော့လည်း ဘာတွေဆက်ပြီးလုပ်ဆောင်သွားရမလဲဆိုတာကို စဉ်းစားရမှာပါ။ အခုကတော့ ကျွန်တော်တို့တွေ ပွဲတွေကစားဖို့ ရှိနေပါသေးတယ်။ ဒါတွေပြီးသွားရင် ခင်ဗျားတို့ သိချင်နေတဲ့ အကြောင်းအရာတွေကို ပြောဆိုဖို့ အချိန်ရလာမှာပါ။ ဒါပေမယ့် အခုကတော့ လိုက်ပ်ဇစ်နဲ့ ဆုံတွေ့ရမယ့်ပွဲကပဲ ကျွန်တော်အတွက် အရေးအကြီးဆုံးပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အသက်လက်တီကိုအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား ဥရောပစူပါဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ နှစ်ကြိမ်တိုင်တိုင် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့အပေါ် အော့ဘလက်က သူတို့အသင်းက ကစားသမားတိုင်းဟာ ချန်ပီယံလိဂ်ဖလားရဖို့ ထိုက်တန်သူတွေဖြစ်ပြီး သူတို့အတွက် အခွင့်အရေးကောင်းတွေ မကြာခင်ရောက်လာတော့မယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။