MySport Myanmar

ဂါနာချိုနဲ့ ယူနိုက်တက်တို့ အခြေအနေကို စောင့်ကြည်နေတဲ့ အသက်လက်တီကို

အသက်လက်တီကို မက်ဒရစ်အသင်းကတော့ သူတို့အသင်းရဲ့ အကယ်ဒမီ ကစားသမားဟောင်းဖြစ်သူ အလက်ဟန်ဒရို ဂါနာချိုနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ အခြေအနေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

အသက် (၁၉)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တောင်ပံကစားသမား ဂါနာချိုဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ၂၀၁၅မှ ၂၀၂၀ခုနှစ်အထိ အသက်လက်တီကို လူငယ် အကယ်ဒမီမှာ ပါဝင်ခဲ့ရင်းနဲ့ ၂၀၂၀မှာတော့ ယူနိုက်တက် လူငယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့သလို အခုဆို ဂါနာချိုက ယူနိုက်တက် စီနီယာအသင်းမှာပါ ပုံမှန် ကစားခွင့် ရနေပါတယ်။

Photo Credit : ESPN

ဂါနာချိုက ယူနိုက်တက်အတွက် အရေးပါတဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဒီနောက်ပိုင်းပွဲတွေမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို အခွင့်အရေး ဖြုန်းတီးမှုတွေလည်း များပြားနေလို့ မန်ချက်စတာဒါဘီပွဲမှာပါ မားကပ် ရပ်ရှ်ဖို့ဒ်နဲ့အတူ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါသေးတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဂါနာချိုကို ဥရောပ ကလပ်အသင်း တော်တော်များများက စိတ်ဝင်တစား စောင့်ကြည့်လာခဲ့သလို ဂါနာချိုရဲ့ အသင်းဟောင်း အသက်လက်တီကိုကပါ သူတို့ကစားသမားဟောင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အခြေအနေတွေကို စောင့်ကြည့်နေပြီး အခွင့်အရေး ရလာရင် ပြန်လည် ခေါ်ယူသွားဖို့ပါ ဆန္ဒရှိလာပါတယ်။

Photo Credit : Les Trasferts

ဂါနာချိုက ၂၀၂၃ကပဲ အသင်းနဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်းတစ်ရပ် တိုးမြှင့်ချုပ်ဆိုထားခဲ့သူဖြစ်ပြီး ယူနိုက်တက်အတွက်လည်း အဓိက ကစားသမားပါ ဖြစ်နေတာကြောင့် အသင်းကနေ အလွယ်တကူ လက်လွတ်သွားဖို့ မရှိပေမယ့် ဂါနာချိုရဲ့ ခြေစွမ်းပိုင်းတွေက ကျဆင်းနေဦးဆိုရင်တော့ ရောင်းချသွားနိုင်ဖွယ် ရှိပါတယ်။

နည်းပြ ရူဘင် အမော်ရင် လက်ထက် အသင်းမှာ အားမထားရတဲ့ ကစားသမား တချို့ကို လာမယ့်နွေဈေးကွက်လောက်မှာပဲ ရှင်းထုတ်သွားဖို့ ရှိနိုင်ပြီး ဒီကစားသမားတွေထဲမှာ ရပ်ရှ်ဖို့ဒ်လည်း ပါဝင်နေပြီး တကယ်လို့ ဂါနာချိုလည်း အားထားရလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ဘူး ခြေစွမ်းပိုင်း မတိုးတက်လာဘူးဆိုရင် နွေမှာပဲ ရောင်းထုတ်ခံရနိုင်ပါတယ်။

Exit mobile version