MySport Myanmar

တွမ်မီနေးကို ကမ္ဘာ့အဆင့်ရှိ ကွင်းလယ်လူတစ်ဦးလို့ နည်းပြဆီမြွန်နီ မှတ်ချက်ပြုသွားခဲ့

အသက်လက်တီကိုမက်ဒရစ်ရဲ့ အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက မနေ့ညက သူတို့အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရတဲ့ ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေါလ်ပေါ့ဘာနဲ့ စကော့မတ်တွမ်မီနေးတို့ကို ကမ္ဘာအဆင့်ရှိ ကွင်းလယ်ကစားသမားတွေလို့ ချီးမွှမ်းပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

အသက်(၂၅)နှစ်အရွယ်ရှိ စကော့တလန် လက်ရွေးစင် ကွင်းလယ်ကစားသမား တွမ်မီနေးဟာ လက်ရှိမှာ အဖျားဝေဒနါ ခံစားနေရတာကြောင့် မနေ့ညက အသက်လက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့ရပေမယ့် အသက်လက်တီကို အသင်းနည်းပြ ဆီမြွန်နီကတော့ တွမ်မီနေးနဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာတို့က ယူနိုက်တက်အသင်းရဲ့ World Class အဆင့်ရှိတဲ့ ကွင်းလယ်လူတွေလို့ ချီးမွှမ်းပြောဆိုသွားခဲ့ပါတယ်။ ဆီမြွန်နီက “မန်ချက်စတာယူနိုက်တက်အသင်းမှာက မယုံကြည်နိုင်လောက်စရာ ကွင်းလယ်ပိုင်းတစ်ခုကို ပိုင်ဆိုင်လို့ထားပါတယ်။ သူတို့ရဲ့ ကွင်းလယ်ပိုင်း လုပ်အားနှုန်းကို အရမ်းသဘောကျမိတယ်”

Photo Credit : The Sun

“ပေါ့ဘာနဲ့ တွမ်မီနေးတို့ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက နှစ်ဦးဖြစ်ပါတယ်။ သူတို့ကစားကြားမှာလည်း တကယ့်ကို ထူးခြားကောင်းမွန်တဲ့ မျှတမှုတွေ ရှိနေတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် မနေ့ညက ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဆီမြွန်နီဟာ ပေါ့ဘာနဲ့ ဖရက်တို့ရဲ့ ကွင်းလယ်ပိုင်းကိုပဲ ရင်ဆိုင်ခဲ့ရတာဖြစ်သလို သူချီးကျူးခဲ့တဲ့ ပေါ့ဘာကလည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းက အားနည်းချက်တွေ များစွာရှိနေသလို တွမ်မီနေးဟာလည်း သူရဲ့ ကွင်းလယ်ပိုင်း စွမ်းဆောင်ရည်တွေကြောင့် မကြာခဏ ဝေဖန်ခံခဲ့ရပါတယ်။

Photo Credit : Twitter

မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အိမ်ရှင်အသက်လက်တီကိုအသင်းက တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ပွဲကို စတင်ဦးဆောင်ထားခဲ့ပေမယ့် ဒုတိယပိုင်း ပြီးခါနီးမှာ ယူနိုက်တက်ဘက်က ကစားသမား အပြောင်းအလဲလုပ်ပြီးနောက် လူစားဝင် တိုက်စစ်ကစားသမားလေး အီလန်ဂါက ယူနိုက်တက်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

Exit mobile version