MySport Myanmar

တိုက်စစ် ပြန်အားဖြည့် လိုအပ်နေတဲ့ အသက်လက်တီကို အူဘာကိုလည်း ပစ်မှတ်ထားနေ

အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြန်လည် အားဖြည့်တင်းရဖို့ ရှိနေတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်းရဲ့ ဂါဘွန် တိုက်စစ်ကစားသမား အန်းမရစ်ခ်အူဘာမီယန်းကို ခေါ်ယူသွားဖို့အထိ ပစ်မှတ်ထားနေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : SNL24

အသက်လက်တီကိုအသင်းဟာ အခု ဆောင်းဈေးကွက်အတွင်း အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာသီးယပ်စ်ကူညာနဲ့ ဂျာအိုဖေးလစ်တို့ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဆီ လက်လွတ်ထားရတာဖြစ်လို့ ဒီကစားသမားတွေရဲ့ နေရာမှာ ပြန်အစားထိုးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်လက်တီကိုအသင်းအနေနဲ့ အခု ဈေးကွက် မသိမ်းခင်မှာပဲ အနည်းဆုံး တိုက်စစ်ကစားသမား တစ်ဦးခန့်လောက် ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း မန်ဖစ်ဒီပိုင်း အူဘာမီယန်းတို့နဲ့ အပြောင်းအရွေ့သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒေါ့မွန် အာဆင်နယ် ဘာစီလိုနာအသင်းတို့ရဲ့ ကစားသမားဟောင်း အူဘာမီယန်းကို ချယ်လ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်က ချယ်လ်ဆီးအသင်းဆီ ခေါ်ဆောင်ထားခဲ့တာ ဖြစ်ပေမဲ့လည်း အူဘာနဲ့ တူဟယ်လ်တို့က ချယ်လ်ဆီးမှာ အချိန်ခဏလေးသာ ပူးပေါင်းခဲ့ရပြီး တူဟယ်လ်က အူဘာကို ခေါ်ယူပြီး မကြာခင်မှာပဲ အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ လက်ရှိမှာလည်း အူဘာမီယန်းဟာ ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြဖို့ရော ပုံမှန်ကစားခွင့် ရရဖို့ပါ ရုန်းကန်နေရပြီး လက်ရှိ ချယ်လ်ဆီးမှာလည်း တိုက်စစ်ကစားသမား အရေအတွက်က လိုတာထက် ပိုမိုလာခဲ့တဲ့အတွက် ချယ်လ်ဆီးအတွက် အူဘာရဲ့ ပွဲကစားခွင့်က အကန့်အသတ်နဲ့ ပိုဖြစ်လာနိုင်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေရတဲ့ အူဘာမီယန်းကို အသက်လက်တီကိုအသင်းက လာလီဂါပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေပြီး အူဘာမီယန်းကလည်း မန်စီးတီးနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာပါ စတာလင်နေရာ လူစားဝင်ပြီးမှ နောက်ထပ် လူစားလဲခံခဲ့ရတာကြောင့် နည်းပြပေါ်တာနဲ့ပါ ဆက်ဆံရေးပိုင်း အဆင်မပြေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အခု ဆောင်းဈေးကွက်ထဲမှာ အသက်လက်တီကို တိုက်စစ်ကစားသမား ဖေးလစ်က ချယ်လ်ဆီးကို ရောက်ရှိပြီး ချယ်လ်ဆီး တိုက်စစ်မှူး အူဘာမီယန်းကလည်း အသက်လက်တီကိုအသင်းဆီ ရောက်ရှိသွားနိုင်ပါတယ်။

Exit mobile version