MySport Myanmar

ပူလီဆစ်ကို လာမယ့် နွေမှာ ခေါ်ယူသွားဖို့ အသက်လက်တီကို ပြင်ဆင်နေ

ဒီနှစ် ဘောလုံးရာသီရဲ့ နွေဈေးကွက်ရော ဆောင်းဈေးကွက်အတွင်းမှာပါ ကစားသမားသစ်တွေ အမြောက်အများ ခေါ်ယူထားခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ လာမယ့် ဈေးကွက်တွေထဲမှာတော့ ကစားသမား ခေါ်ယူမှုထက် ကစားသမား ရောင်းချမှုတွေကိုလည်း ပိုမို လုပ်ဆောင်ရဖွယ် ရှိနေပြီး ဒီလို ရောင်းချရမယ့် ကစားသမားစာရင်းထဲမှာ တိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်လည်း ပါဝင်နေပါတယ်။

Photo Credit : ESPN

၂၀၁၉ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ချဲလ်ဆီးအသင်းဆီ ရောက်ရှိနေတဲ့ အမေရိကန် တောင်ပံ တိုက်စစ်ကစားသမား ပူလီဆစ်ဟာ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလား ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ ပိုင်ဆိုင်ခဲ့ရပေမယ့် ဒီရာသီထဲ အသင်းအတွက် (၆)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားရပြီး လက်ရှိ ရင်ဆိုင်နေရတဲ့ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာလည်း အသင်းရဲ့ ကစားသမားသစ်တွေကြောင့် နေရာပျောက်ဖို့က ကျိန်းသေနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဘက်က မဖြစ်မနေ ရောင်းချသွားရမယ့် ကစားသမားတွေထဲမှာပါ ပူလီဆစ်က ပါဝင်နေတာကြောင့် ဒီအခြေအနေကို အသက်လက်တီကိုအသင်းက အသုံးချသွားဖို့အတွက် ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : The US Sun

အသက်လက်တီကိုမက်ဒရစ်အသင်းဟာ ဆောင်းဈေးကွက်ထဲမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂျာအိုဖီးလစ်နဲ့ ကူညာတို့ကို အသင်းကနေ အငှားနဲ့ ထွက်ခွာခွင့်ပေးထားပြီး အငှားစာချုပ် ပြည့်သွားချိန်မှာလည်း အပြီးသတ် ရောင်းထုတ်ဖို့ ဆန္ဒရှိနေတာကြောင့် အသင်းအတွက် တိုက်စစ်ကစားသမားတွေ ပြန်လည် ဖြည့်တင်းဖို့က လိုအပ်လာတာ ဖြစ်ပါတယ်။ လက်ရှိ အသင်း တိုက်စစ်ပိုင်းမှာ မိုရာတာ ဒီပိုင်း ဂရီးဇ်မန်းတို့သာ ရှိနေတဲ့အတွက် ပူလီဆစ်လို အရည်အသွေးပြည့် ကစားသမားတစ်ဦးကို အသင်းဆီ ခေါ်ဆောင်ချင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football London

လက်ရှိမှာလည်း ချဲလ်ဆီးက အသက်လက်တီကို ကစားသမား ဂျာအိုဖီးလစ်ကို အငှားနဲ့ ခေါ်ယူထားတာဖြစ်သလို ချဲလ်ဆီးသာ ဖီးလစ်ကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိမယ်ဆိုရင် ပူလီဆစ်+ပြောင်းရွှေ့ကြေးတစ်ရပ်ဆိုတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ပေးဖို့ အသက်လက်တီကိုဘက်က တောင်းဆိုဖွယ် ရှိနိုင်ပါတယ်။

Exit mobile version