စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ စတင် ပြုလုပ်လာကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားသူပါ။

Photo Credit: Express

မာရှယ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရိုနယ်ဒို ၊ ဂရင်းဝုဒ် ၊ ရက်ဖို့ဒ် ၊ ဆန်ချိုတို့ရဲ့နောက် အရန် ကစားသမား အဖြစ်သာ ကစားနေရသူ ဖြစ်ပြီး လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ အတူ ပါဝင်ချင်တာကြောင့် ပုံမှန် ပွဲထွက်ခွင့် အာမခံချက် မရပါက ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူက တရားဝင် ထုတ်ဖော် ပြောကြားထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Eurosports သတင်းဌာနရဲ့ ဖော်ပြချက်အရ တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မာရှယ်ရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ဆက်သွယ်ကာ စုံစမ်းမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်အသင်းက အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အသက်အရွယ် ရလာတဲ့ ရိုနယ်ဒို ၊ ကာဗာနီတို့ ရှိနေတာကြောင့် မာရှယ်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် အကယ်၍ မာရှယ် အတွက် ထိုက်သင့်တဲ့ ကမ်းလှမ်းမှု တစုံတရာ ရလာပါက မာရှယ်ကို ရောင်းထုတ်ဖို့ စဉ်းစားနိုင်ပါတယ်။

စပိန်ဘောလုံးရေးရာ ကျွမ်းကျင်သူတွေ ကတော့ အက်သလက်တီကို မက်ဒရစ်အသင်း အနေနဲ့ မာရှယ်ကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း + ထရစ်ပီယာ ဆိုတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သုံးသပ်ထားကြသလို မန်ချက်စတာ ယူနိုက်တက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ ကြားမှာ မာရှယ်နဲ့ ဂျာအိုဖီးလစ်တို့ကို တိုက်ရိုက် အလဲအထပ်လည်း ပြုလုပ်နိုင်ကြောင်း ဆိုကြပါတယ်။