အသက်လက်တီကိုမက်ဒရစ်အသင်းကတော့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းက အသင်းကနေ ထွက်ခွာသွားဖို့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဂါနာကွင်းလယ်ကစားသမား သောမတ်စ်ပါတေးနေရာမှာ အစားထိုးဖို့အတွက် လာလီဂါကလပ် ဗလင်စီယာအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဂျက်ဖရီကွန်ဒေါ့ဘီယာကို (၄)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီဖြစ်ကြောင်း အသင်းနဲ့ တွစ်တာစာမျက်နှာပေါ်ကနေ တရားဝင်ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကွန်ဒေါ့ဘီယာဟာ ဆီဗီလာ မိုနာကို အင်တာမီလန် ဗလင်စီယာအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ Box-to-Box ကွင်းလယ်လူတစ်ယောက်ဖြစ်သလို ကွင်းလယ်ခံစစ်နေရာမှာလည်း ကစားတတ်သူဖြစ်ပါတယ်။ ဒီကစားသမားကို ဥရောပကလပ်အသင်းများစွာကနေ ခေါ်ယူဖို့အတွက် အပြိုင်စိတ်ဝင်စားခဲ့ကြဖူးပြီး လက်ရှိအချိန်မှာ စျေးကွက်ပိတ်ချိန် ဖြစ်နေပေမယ့်လည်း စပိန်နိုင်ငံရဲ့ အပြောင်းအရွှေ့စည်းမျဉ်းများအရ အရေးပေါ်ကစားသမားခေါ်ယူမှုကို နိုဝင်ဘာ(၅)ရက်နေ့ မတိုင်ခင်အထိ ပြုလုပ်နိုင်တာမို့ ဒီအခွင့်အရေးကို အသက်လက်ဘက်ကနေ အကောင်းဆုံးအသုံးချသွားခဲ့တာဖြစ်ပါတယ်။

Photo Credit : Twitter

အသက်လက်တီကိုအသင်းက ဒီရာသီမှာ သူတို့အသင်းရဲ့ အဓိကကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ပါတေးကို အာဆင်နယ်အသင်းဆီ ရောင်းချထားခဲ့ရကာ အာဆင်နယ်ကပဲ ကွင်းလယ်ကစားသမား လူးကပ်စ်တော်ရဲရားကို ပြန်လည်ခေါ်ယူထားခဲ့ရပေမယ့် အသင်းမှာ ဒဏ်ရာရကစားသမားတွေ ကိုဗစ်ကူးစက်နေတဲ့ ကစားသမားတွေ ရှိနေတာကြောင့် အခုလို ကွန်ဒေါ့ဘီယာကို ခေါ်ယူလိုက်ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကွန်ဒေါ့ဘီယာအနေနဲ့ အသင်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ်နေပုံကို အသက်လက်တီကိုအသင်းရဲ့ တွစ်တာပေါ်မှာ ဖော်ပြထားခဲ့ပြီး ပြောင်းရွှေ့ကြေးကတော့ ယူရိုသန်း(၂၀)ဝန်းကျင်လောက် ရှိလိမ့်မယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလို့ထားပါတယ်။ အသက်လက်တီကိုအသင်းဟာ ဒီနှစ်ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲမှာ လုံးဝကို ရှံးပွဲမရှိသေးပဲ အဆင့်(၃)နေရာမှာ ရပ်တည်နေပေမယ့် ချန်ပီယံလိဂ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ထားပြီး ဆာလ်ဇ်ဘာ့ဂ်ကိုလည်း ခက်ခက်ခဲခဲကစားခဲ့ရာ ကပ်အနိုင်ရထားခဲ့ပါတယ်။ အသက်လက်တီကိုအသင်းဟာ ဒီနေ့ညမှာတော့ လိုကိုမိုးတစ်မော်စကိုအသင်းရဲ့အိမ်ကွင်းမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၃)အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ကွန်ဒေါ့ဘီယာအနေနဲ့ကတော့ ကာဒစ်ဇ်အသင်းနဲ့ ကစားရမယ့် စပိန်လာလီဂါပွဲစဉ်မှာ ပါဝင်လာဖွယ်ရှိနေပါတယ်။