အက်သလက်တီကိုအသင်း ဥက္ကဌ ဖြစ်သူ အင်းရစ် စီရီဇို (Enrique Cerezo) ကတော့ နည်းပြ ဆီမြွန်နီရဲ့ အက်သလက်တီကိုအအသင်းဟာ အထူးအသင်း ဖြစ်ပြီး လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ပရိသတ်တွေ မပါလည်း ရရှိနိုင်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်က ဖြုတ်ချခဲ့တာကြောင့် နောက်တစ်ဆင့် ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပြီးပြီ ဖြစ်ပါတယ်။

Photo Credit: Goal

ချန်ပီယံလိဂ် ပြိုင်ပွဲဟာ လာမယ့် သြဂုတ်လမှာ ပြန်စတင်ဖွယ် ရှိပေမယ့်လည်း ပြည်တွင်းလိဂ် ပြိုင်ပွဲတွေထဲက ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကတော့ ပြန်လည် စတင်နေပြီ ဖြစ်ပြီး အီတလီ စီးရီးအေ ပြိုင်ပွဲ၊ စပိန် လာလီဂါ ပြိုင်ပွဲ နဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကလည်း အခုလ ပြန်စနိုင်ပါတယ်။ အက်သလက်တီကိုအသင်းဟာ နည်းပြ ဆီမြွန်နီရဲ့ လက်အောက်မှာ လွန်ခဲ့တဲ့ (၂၀၁၄) ခုနှစ် နဲ့ (၂၀၁၆) ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် နှစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီး အသင်း ဥက္ကဌ စီရီဇိုကတော့ လက်ရှိရာသီဟာ အက်သလက်တီကိုအသင်းရဲ့ ရာသီ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

အက်သလက်တီကိုအသင်းရဲ့ ဥက္ကဌ ဖြစ်သူ စီရီဇိုက “ကျွန်တော်တို့အသင်းက အထူးအသင်း ဖြစ်ပြီး ကျွန်တော်တို့ ပရိသတ်တွေ မပါဘဲ ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်ပါတယ်။ ဒီနှစ်က ကျွန်တော်တို့ရဲ့ နှစ် ဖြစ်နိုင်တယ်။ ကျွန်တော်တို့ လာလီဂါ လိဂ် ပြိုင်ပွဲမှာ အခြေအနေတွေ ခြားနားနေပမယ့်လည်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာက အလွန် ကောင်းတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို ရောက်ဖို့ ပွဲစဉ် အနည်းငယ်သာ လိုတော့တာ ဖြစ်ပြီး ကျွန်တော်တို့ ဗိုလ်လုပွဲ ရောက်နိုင်မှာပါ။ နည်းပြ ဆီမြွန်နီက တည်ငြိမ်သူ ဖြစ်ပြီး သူ လုပ်နေတဲ့ ဘယ်အရာမှာ မဆို ယုံကြည်မှု ရှိပါတယ်။ သူက ကျွန်တော်တို့ကို လာလီဂါ ပြိုင်ပွဲမှာ ထိပ်သီး အဆင့် (၄) နေရာ ဝင်အောင် ဦးဆောင်သွားမှာ ဖြစ်ပါတယ်”လို့ Movistar သတင်းမှာ ပြောကြားသွားခဲ့ပါတယ်။