ပြီးခဲ့တဲ့တစ်ပတ်က ဘီလ်ဘာအိုအသင်းရဲ့အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ တစ်ဖက်ကိုတစ်ဂိုးစီနဲ့ သရေကျအောင်သာ ကစားနိုင်ထားခဲ့ပြီး ခြေစွမ်းပိုင်း အားရစရာမရှိတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းဟာ ဒီနေ့မနက်အစောပိုင်းမှာလည်း အိုဆာဆူနာအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ကစားခဲ့ရာမှာတော့ (၅)ဂိုး ဂိုးမရှိနဲ့ ဂိုးအပြတ်အသတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ အသက်လက်တီကိုအသင်းဟာ ဒီယေဂိုကော်စတာ ဂျာအိုဖီးလစ် ကိုကီ ကော်ရီယာ ဆာအူး ဟာရဲရား လိုဒီ ဆာဗစ် ယီမီနက်ဇ် အာရီယက်စ် အော့ဘလက်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ရမှတ်သိပ်မလိုအပ်ပေမယ့် အိမ်ကွင်းမှာ ဧည့်ခံကစားရတဲ့ပွဲဖြစ်လို့ အိုဆာဆူနာက အသက်လက်တီကိုအသင်းကို ပထမပိုင်းမှာ အခက်တွေ့အောင် ကစားနိုင်ခဲ့ပြီး အပြန်အလှန် ဖိအားပေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အပြန်အလှန် တိုက်စစ်ဆင်ရင်းနဲ့ ပွဲကစားချိန် (၂၇)မိနစ်အတွင်းမှာ အသင်းနဲ့ ပြန်လည်ပွဲထွက်လာခဲ့တဲ့ ဂျာအိုဖီးလစ်က သူရဲ့အားပါပြင်းထန်လှတဲ့ကန်ချက်နဲ့ အသက်လက်တီကိုအတွက် စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ပြီး (၁၀)မိနစ်အကြာမှာပဲ အသက်လက်တီကိုတို့ ဒုတိယဂိုးကို ထပ်မံရယူနိုင်ခဲ့ပြီး ဖီးလစ်ကပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။ (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက်မှာတော့ အသက်လက်တီကိုက မိုရာတာ လော်ရန်တေး လီမာတို့ကို ထည့်သွင်းလာခဲ့ပြီး လူစားဝင်ကစားသမား လော်ရန်တေးရဲ့ခြေစွမ်းပြမှုနဲ့ နောက်ထပ်သွင်းဂိုး(၃)ဂိုး ထပ်မံရယူနိုင်ခဲ့ပါတယ်။ (၇၉)မိနစ်မှာ လော်ရန်တေးက အသင်းအတွက် တတိယဂိုးကို သွင်းယူနိုင်သလို မိုရာတာနဲ့ကာရက်စ်ကိုတို့ရဲ့သွင်းဂိုးတွေကိုလည်း လော်ရန်တေးကပဲ ဖန်တီးပေးခဲ့ပါတယ်။