MySport Myanmar

ဒါဝင် နူးနက်ဇ်ကို အသက်လက်တီကို မက်ဒရစ်ကပါ စိတ်ဝင်စားလို့နေ

လီဗာပူးလ်အသင်းရဲ့ ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူးနက်ဇ်ကို စပိန် လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းနဲ့အပြိုင် နောက်ထပ် လာလီဂါကလပ် အသက်လက်တီကို မက်ဒရစ်အသင်းကပါ စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်ကစားသမား နူးနက်ဇ်ဟာ စပါးအသင်းကို အနိုင်ရတဲ့ ပွဲစဉ်အပြီးမှာပဲ သူရဲ့ တရားဝင် အင်စတာဂရမ်ပေါ်မှာ တင်ထားခဲ့တဲ့ ပို့စ်တွေထဲကမှ လီဗာပူးလ်အသင်းနဲ့ သက်ဆိုင်သမျှ ပို့စ်တွေအားလုံးကို အကုန် ဖျက်သွားခဲ့ပါတယ်။

Photo Credit : Goal

နူးနက်စ်ဟာ ၂၀၂၂ခုနှစ်ကမှ ဘင်ဖီကာကနေ လီဗာပူးလ်ဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ လီဗာပူးလ်အတွက် (၂)ရာသီအတွင်း (၉၄)ပွဲကစား (၃၃)ဂိုးသွင်း (၁၇)ဂိုးဖန်တီးထားသလို ဒီရာသီမှာလည်း (၁၈)ဂိုးသွင်းယူထားခဲ့ကာ (၁၃)ဂိုးဖန်တီးထားရင်း ပြီးခဲ့တဲ့ ရာသီကထက် စွမ်းဆောင်မှုတွေ ပိုကောင်းလာခဲ့ပါတယ်။

ဒါပေမယ့် နူးနက်စ်က ဒီရာသီထဲမှာ ရရှိလာတဲ့ အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့ပဲ အခွင့်အရေးတွေ ဖြုန်းတီးမှုက များပြားလွန်းခဲ့တာကြောင့် အသင်းပရိသတ်များရဲ့ စိတ်ပျက် ဝေဖန်မှုများနဲ့ ရင်ဆိုင်လာခဲ့ရပြီး နူးနက်ဇ်ရဲ့ ပွဲကစားခွင့်တွေ နည်းပါးလာခဲ့သလို ဂိုးမသွင်းနိုင်တဲ့ ပွဲတွေဟာလည်း ဆက်တိုက် ဖြစ်လာရပါတယ်။

Photo Credit : GiveMeSport

ဒီလို အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ နူးနက်ဇ်က သူ့အင်စတာဂရမ်မှာ လီဗာပူးလ်နဲ့ ပတ်သက်တဲ့ ပို့စ်တွေအားလုံးကိုပါ ဖျက်လိုက်တာက နူးနက်ဇ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သို့လောသို့လောတွေ ဖြစ်လာခဲ့ရတဲ့အပြင် အခု သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းအရေအတွက်ပါ တိုးလာခဲ့ရပါတယ်။

နူးနက်ဇ်ကို ထပ်တိုး စိတ်ဝင်စားလာတဲ့ အသင်းက အသက်လက်တီကိုဖြစ်ပြီး အသက်လက်တီကိုက လာမယ့်ရာသီအတွက် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် နူးနက်ဇ်လို တောင်အမေရိက ကြယ်ပွင့်တစ်ဦးကို အသင်းထံ ခေါ်ဆောင်သွားချင်နေပြီး အသက်လက်တီကိုဟာလည်း ဥရုဂွေး ကစားသမားတွေနဲ့ အတော်လေး အကျိုးပေးတာမို့ ဥရုဂွေး တိုက်စစ်မှူး နူးနက်ဇ်ကို အရ ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Exit mobile version