စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်ကတော့ သူတို့အသင်းကို အမြဲလိုလို ဒုက္ခပေးခဲ့ဖူးတဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက ဖော်ပြသွားပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာ သူ့ရဲ့ လက်ရှိကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားသူ ဖြစ်ပြီး သူက ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်က သူ့ရဲ့ ကစားသမား အတွက် အသင်းသစ်ကို စတင် ရှာဖွေပေးနေပြီး ဂျော့စ် မန်ဒက်က ရိုနယ်ဒိုကို ဘာစီလိုနာ ၊ ပီအက်စ်ဂျီ ၊ ဘိုင်ယန်မြူးနစ် ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေဆီ ကမ်းလှမ်းထားပေမယ့် ပီအက်စ်ဂျီ ၊ ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့ အားလုံးက ရိုနယ်ဒိုကို ခေါ်ယူဖို့ ငြင်းဆန်ထားကြပြီး ဘိုင်ယန်မြူးနစ် တသင်းထဲကသာ ရိုနယ်ဒိုကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ လူးဝစ် ဆွာရက်ဇ်ကို လက်လွှတ်ထားရတဲ့ အက်သလက်တီကို မက်ဒရစ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး အက်သလက်တီကိုရဲ့ ပဲ့ကိုင်ရှင် ဆီမြွန်နီကလည်း ရိုနယ်ဒိုနဲ့ ယာအို ဖီးလစ်တို့ နှစ်ဦးကို တွဲဖက်ကာ အသုံးပြုချင်နေကြောင်း သိရပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူးကို လက်မလွှတ်လိုပေမယ့် အကယ်၍ ပြည်ပကလပ်တွေကသာ ရိုနယ်ဒိုကို ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းနဲ့ ပေါင် ၂၀သန်းကြား ရှိတဲ့ ပမာဏတခုနဲ့ ကမ်းလှမ်းလာခဲ့ရင် ရိုနယ်ဒိုကို ရောင်းထုတ်ဖို့ စဉ်းစားနိုင်ကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။