စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်က မန်ချက်စတာ ယူနိုက်တက် ကနေ ဂီတာဖေးဆီ အငှားနဲ့ ပြောင်းရွှေ့ ကစားရင်း ခြေစွမ်းပြနေတဲ့ အင်္ဂလန်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ စတင် လုပ်ဆောင်နေကြောင်း နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး ဖြစ်ပြီး သူက တိုက်စစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိသလို ဘယ်ခြေရော ညာခြေပါ အားသန်ပါတယ်။

Photo Credit: Goal

မေဆန် ဂရင်းဝုဒ်က အတူနေချစ်သူ ရော့ဘ်ဆန်နဲ့ ရန်ဖြစ်ရင်း လက်ပါမိခဲ့တာကြောင့် အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကာလရှည် တရားရင်ဆိုင်ခဲ့ရသလို အဲ့ဒီကိစ္စကြောင့်ပဲ အင်္ဂလန်ဘောလုံးပရိသတ်တွေရဲ့ အမြင်မကြည်မှုကို ခံခဲ့ရပြီး ယူနိုက်တက် ကနေ ဂီတာဖေးဆီ အငှားနဲ့ ထွက်ကစားနေရပါတယ်။

မေဆန် ဂရင်းဝုဒ်က ဂီတာဖေးဆီ ရောက်ရှိပြီးနောက် သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး သူက ဂီတာဖေး အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

 

Photo Credit: Standard

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လာလီဂါ ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ အပါအဝင် ဥရောပ ထိပ်သီးကလပ်တွေက ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ မေဆန် ဂရင်းဝုဒ်ကို ရောင်းချမလား ၊ သူတို့အသင်းဆီ ပြန်ခေါ်မလား ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးပါဘူး။

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ အက်သလက်တီကို မက်ဒရစ်က မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာပြီး အက်သလက်တီကို မက်ဒရစ်ဟာ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်ထံ စုံစမ်းမှု တချို့ပါ လုပ်ထားကြောင်း သိရပါတယ်။