ဒီနှစ်ဘောလုံးရာသီအကုန်မှာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် တူရကီကွင်းလယ်တိုက်စစ်ကစားသမား ဟာကန်ချာဟာနိုဂလူးအနေနဲ့ လက်ရှိအချိန် မီလန်ဘက်ကနေ ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ပယ်ချထားခဲ့ပြီး အသင်းနဲ့ သက်တမ်းကုန်ချိန်မှာ အခြားသော ကလပ်အသင်းတစ်သင်းဆီကိုပဲ ပြောင်းရွှေ့သွားဖို့ ဆုံးဖြတ်ထားခဲ့ပြီး သူနဲ့ သတင်းတွေ အတော်လေးထွက်ပေါ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းထက် အသက်လက်တီကိုမက်ဒရစ်အသင်းကိုပဲ ရွေးချယ်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

Photo Credit : AC Milan

အသက်(၂၆)နှစ်အရွှယ်ရှိ တူရကီလက်ရွေးစင် ကွင်းလယ်ကစားသမား ချာဟာနိုဂလူးဟာ ၂၀၁ရခုနှစ်ကမှ လေဗာကူဆင်အသင်းကနေ မီလန်အသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပြီးတော့ ဒီရာသီမှာလည်း မီလန်အတွက် ပြိုင်ပွဲစုံ(၁၁)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး (၄)ဂိုးသွင်းယူထားကာ (၄)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဂျာမန်ကလပ်အသင်းတွေများစွာမှာ ကျင်လည်ခဲ့ဖူးတဲ့ ချာဟာနိုဂလူးဟာ ကွင်းလယ်နေရာစုံမှာ ပါဝင်ကစားတတ်သူဖြစ်ပြီး တိုက်စစ်ပိုင်းအားသန်တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့လို အရည်အသွေးရှိ ကစားသမားတစ်ယောက်ကို မီလန်က အသင်းမှာ ဆက်ထိန်းထားချင်ပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ အသင်းနဲ့ လမ်းခွဲဖို့ကိုသာ ဆန္ဒရှိလို့နေပါတယ်။

Photo Credit : Goal

ဒီလို အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ချာဟာနိုဂလူးကို ယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီဆိုပြီး ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အခုလတ်တလောမှာ ထပ်မံထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ချာဟာနိုဂလူးကို ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေတဲ့အသင်းက ယူနိုက်တက်မဟုတ်ပဲ စပိန်လာလီဂါပြိုင်ပွဲရဲ့ ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ အသက်လက်တီကိုအသင်းသာဖြစ်တယ်လို့ သိရပါတယ်။ အသက်လက်တီကိုအသင်းက အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် ချာဟာနိုဂလူးကို ခေါ်ယူချင်နေတာဖြစ်ကာ ယူနိုက်တက်ကလည်း ချာဟာနိုဂလူးကို လက်မလွတ်နိုင်သေးပဲ ထပ်မံကမ်းလှမ်းနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းပရိသတ်တွေကတော့ အသင်းမှာ ကွင်းလယ်ကစားသမားတွေ အရမ်းများလို့နေပြီး ဒီရာသီမှ အသင်းကို ရောက်လာခဲ့တဲ့ နယ်သာလန်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ပါ ခုထိ နေရာမရသေးတာကြောင့် ကွင်းလယ်ထက် ခံစစ်ပိုင်းကိုသာ အားဖြည့်တင်းစေချင်ပါတယ်။