ဒီနေ့ ဇွန်လ(၂၄)ရက်နေ့ ည(၁၂)နာရီအချိန်မှာတော့ လာလီဂါ(၃)ပွဲဆက်တိုက် ရှံးပွဲမရှိသေးတဲ့ လီဗန်တေးအသင်းနဲ့ နှစ်တိုင်းလိုလို ပိုင်ဆိုင်နေရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ထပ်မံရရှိဖို့အတွက် ကြိုးပမ်းနေရတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ လာလီဂါပွဲစဉ်(၃၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပြီး အသက်လက်တီကိုအသင်းက (၁)ဂိုး ဂိုးမရှိနဲ့ (၃)ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

အသက်လက်တီကိုမက်ဒရစ်အသင်းကတော့ ၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ကော်စတာ ကာရက်စ်ကို ကိုကီ လော်ရန်တေး သောမတ်စ် ဆာအူး အာရီယက်စ် ဆာဗစ် ဟာမိုဆို လိုဒီနဲ့ အော့ဘလက်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။ အိမ်ရှင်လီဗန်တေးအသင်းကတော့ လီအွန် ဘာဟီ ရော်ဂျာ ရိုချီနာ ဂွန်ဇာလက်တို့လို အမာခံကစားသမားတွေကို ထည့်သွင်းလာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်း အသက်လက်တီကိုက အိမ်ရှင်အသင်းထက် တိုက်စစ်ပိုင်းအားသာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုမှာတော့ အနည်းငယ်လောက်ပဲ အသာရခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန်(၁၅)မိနစ်မှာတော့ အသက်လက်တီကိုအသင်းဟာ အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပြီး လီဗန်တေးကစားသမား Own Goal သွင်းယူမိတဲ့ဂိုးနဲ့ ဦးဆောင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းမှာတော့ အသက်လက်တီကိုက ကော်ရီရာ ဂျာအိုဖီးလစ်တို့ကို ထည့်သွင်းလာခဲ့လို့ အသင်းရဲ့တိုက်စစ်က ပထမပိုင်းကထက် ပိုမိုထက်မြက်လာခဲ့ပေမယ့် လီဗန်တေးဂိုးသမား လက်စွမ်းကာကွယ်နိုင်ခဲ့လို့သာ နောက်ထပ်သွင်းဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ အိမ်ရှင်လီဗန်တေးကလည်း အသက်လက်တီကိုဆီကနေ သရေတစ်မှတ်လောက်ရနိုင်ဖို့အတွက် အထူးကြိုးပမ်းခဲ့ပေမယ့် ကျစ်လစ်လှတဲ့ အသက်လက်တီကိုခံစစ်ကို ထိုးဖောက်ဖို့ ခက်ခဲလွန်းတာကြောင့် ပထမပိုင်းက ခွင့်ပြုခဲ့ရတဲ့ သွင်းဂိုးနဲ့ပဲ အရေးနိမ့်သွားခဲ့ရပါတယ်။