စပိန် လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဆီရီဇို ကတော့ ယခုနှစ် ရာသီကုန်မှာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာမယ် လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေတဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီကို အက်သလက်တီကို မက်ဒရစ် အသင်းမှာ လာကစားဖို့ ဖိတ်ခေါ် လိုက်ပါတယ်။ အက်သလက် တီကို မက်ဒရစ် အသင်းဟာ မကြာသေးမီကမှ ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ လူးဝစ် ဆွာရက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၆.၅ သန်းနဲ့ ခေါ်ယူထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Tutto Sport

ဘာစီလိုနာ အသင်းကနေ အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ လာခဲ့တဲ့ လူးဝစ် ဆွာရက်ဇ်ဟာ မက်ဆီရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေထဲက တစ်ဦး ဖြစ်ပြီး ဆွာရက်ဇ် တစ်ယောက် အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ချိန်မှာလည်း မက်ဆီဟာ ဆွာရက်ဇ် ကို ရောင်းထုတ်ခဲ့တဲ့ ဘာစီလိုနာ ဘုတ်အဖွဲ့ကို ပြစ်တင် ဝေဖန်မှုတွေ ပြုလုပ် ခဲ့ပါတယ်။ လက်ရှိမှာတော့ ဆွာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာဖို့ နီးစပ်နေပြီး ပွဲထွက် ကစားခွင့်ရတဲ့ ပွဲစဉ်မှာပဲ သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု တစ်ကြိမ်လည်း ဖန်တီး နိုင်ခဲ့ပါတယ်။ ဆီရီဇိုက မက်ဆီအနေနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းမှာ ဆွာရက်ဇ်နဲ့အတူ လာကစားချင်ရင် လာကစားလို့ ရကြောင်း ဖွင့်ဟ ပြောကြား သွားပါတယ်။

Photo Credit: Tutto Sport

ဆွာရက်ဇ်နဲ့အတူ တွဲကစားဖို့ မက်ဆီအနေနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ လာလို့ ရကြောင်းကို ဆီရီဇိုက အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။ ဆီရီဇိုက ” ဘဝမှာ ခင်ဗျား တစ်ခုခုကို ဖြစ်ချင်လာရင် ဖြစ်ဖို့ အခွင့်အရေး ရှိပါတယ်။ တကယ်လို့ မက်ဆီက ဆွာရက်ဇ်နဲ့အတူ တွဲကစားချင်ရင်လည်း ခုနက အတိုင်းပဲ ကျွန်တော် ပြောမှာပါ။ ဖြစ်ချင်တဲ့ ဆန္ဒသာ ရှိရင် အရာအားလုံးက ဖြစ်ခွင့် ရှိပါတယ် ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။ အသက် ၃၃ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေသူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီ အကုန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမယ့်သူလည်း ဖြစ်ပါတယ်။