စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်း ကတော့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေရဲ့ လောင်းကစားဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက် ခဲ့တာကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ၁၀ပတ် ကြာအောင် ပွဲပယ်ခံထားရတဲ့ သူတို့အသင်းရဲ့ ညာနောက်ခံလူ ထရစ်ပီယာရဲ့ နေရာအတွက် အစားထိုးမှုအဖြစ် လန်ဒန်အခြေစိုက် နာမည်ကြီး အသင်း တစ်သင်းဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ညာနောက်ခံလူ တစ်ဦးဖြစ်တဲ့ မစ်လန်နိုင်းလ်ကို ခေါ်ယူဖို့ စီစဉ် နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၀အရွယ် အင်္ဂလန် လက်ရွေးစင် ညာတောင်ပံ ကစားသမား ထရစ်ပီယာဟာ မကြာခဏ ဆိုသလို လောင်းကစား ပြုလုပ်လေ့ ရှိတာကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြစ်ဒဏ်ချမှတ်မှုကို မကြာခဏ ခံနေရသူပါ။

Photo Credit: Daily Mail

ထရစ်ပီယာဟာ လက်ရှိ ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ်အထိ ပြုလုပ် ထားနိုင်သူပါ။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ထရစ်ပီယာဟာ ၁၀ပတ် ကြာအောင် ပွဲပယ် ခံထားရတာကြောင့် အဆိုပါ ကာလအတွင်းမှာ ကစားရမယ့် အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ပွဲစဉ် ၁၄ပွဲကို လွဲချော်ဖွယ် ရှိကြောင်း သိရပါတယ်။ ဒါ့ကြောင့်ပဲ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီက ထရစ်ပီယာရဲ့ နေရာအတွက် အာဆင်နယ် အသင်းရဲ့ လူငယ် ခံစစ် ကစားသမား မစ်လန်နိုင်းလ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Photo Credit: Daily Mail

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ အက်သလက်တီကို မက်ဒရစ် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာပဲ မစ်လန်နိုင်းလ်ကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး မစ်လန်နိုင်းလ် အတွက် ကမ်းလှမ်းမှုတွေကို ဇန်နဝါရီလ ပထမဦးဆုံး အပတ်မှာပဲ စတင်မှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ မစ်လန်နိုင်းလ်ဟာ မကြာသေးမီကမှ အာဆင်နယ် အသင်းနဲ့ စာချုပ်သက်တမ်း တိုးထားသူ ဖြစ်ပေမယ့် သူ့ကို ဝယ်ယူမယ့် အသင်းရှိပါက အာဆင်နယ် အသင်းဟာ ရောင်းချသွားဖွယ် ရှိကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပြီး အက်သလက်တီကို မက်ဒရစ် အသင်းအနေနဲ့ မစ်လန်နိုင်းလ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် သုံးစွဲရနိုင်ချေ ရှိပါတယ်။