ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့နွေရာသီ ထိပ်သီး ပစ်မှတ် ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်အဖျက် ကစားသမား သောမတ်စ် ပါတေးကို ခေါ်ယူဖို့ အတွက် တရားဝင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ပယ်ချမှုကို ခံခဲ့ရကြောင်း သိရပါတယ်။ အသက် ၂၇နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ သောမတ်စ် ပါတေး ဟာ အာဆင်နယ်အသင်းရဲ့ ထိပ်တန်း ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူရဲ့ ကစားသမားဘဝ မြင့်တက်လာဖို့ အတွက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသူ ဖြစ်ကာ တချို့ သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ပါတေးဟာ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားပြီးပြီ လို့ သိထားရပါတယ်။

Photo Credit: Talksport

ဒါပေမယ့် ပါတေးရဲ့ အပြောင်းအရွှေ့ အတွက် အာဆင်နယ်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ရဲ့ ကြားထဲမှာ ပြုလုပ်လျက် ရှိတဲ့ ဆွေးနွေးမှုတွေ ကတော့ လက်ရှိအချိန်အထိ တိုးတက်လာခြင်း မရှိသေးသလို သဘောတူညီမှု ရဖို့လည်း မနီးစပ်သေးပါဘူး။ အက်သလက်တီကို မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ပါတေးအတွက် စာချုပ် ဖျက်သိမ်းကြေး ပေါင် ၄၅ သန်း အလို ရှိနေပြီး အာဆင်နယ်အသင်း ကတော့ ပါတေးအတွက် ငွေသား ပေးချေလိုခြင်း မရှိပဲ ကစားသမား အလဲအထပ်သာ ပြုလုပ်ဖို့ စိတ်ဝင်စား နေပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ အဆိုအရတော့ အာဆင်နယ်အသင်းဟာ ပါတေးအတွက် ဂွမ်ဒူဇီနဲ့ လာကာဇက် နှစ်ဦး အလိုက်ပေးမယ် လို့ အက်သလက်တီကို မက်ဒရစ်အသင်းထံ ကမ်းလှမ်းခဲ့ပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်းက အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။

Photo Credit: Talksport

သောမတ်စ် ပါတေး အတွက် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ပုံနဲ့ ပတ်သတ် ပြီး Romano က ” အာဆင်နယ်အသင်းက အက်သလက်တီကို မက်ဒရစ်နဲ့ ကျိန်းသေပေါက် စကားပြောခဲ့တာပေါ့။ ပါတေးအတွက် သူတို့တွေ တွေ့ဆုံခဲ့တဲ့ ပထမဦးဆုံး အကြိမ်က ဇူလိုင်လထဲမှာ ဖြစ်ခဲ့တာပါ။ သူတို့တွေက ဂွမ်ဒူဇီနဲ့ ပါတေးကို အလဲအထပ် လုပ်လိုကြောင်း ပြောခဲ့ပါတယ်။ ပြီးတော့ လာကာဇက်ရောပဲပေါ့။ ဒါပေမယ့် အခုချိန်မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းက လာကာဇက်ကို စိတ်မဝင်စားပါဘူး ” လို့ ပြောကြားသွားခဲ့ပါတယ်။ စပိန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ အက်သလက်တီကို မက်ဒရစ်အသင်း ဟာ ပါတေးအတွက် အာဆင်နယ်အသင်းဘက် က ဂွမ်ဒူဇီ + ငွေသားနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရင်တော့ လက်ခံဖွယ် ရှိကြောင်း သိရပါတယ်။