စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းကတော့ ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန်အသင်းရဲ့ လူငယ် ညာနောက်ခံလူ ဖြစ်တဲ့ လန့်ပ်တေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် နောက်ခံလူ လန့်ပ်တေးဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာမှ ချယ်လ်ဆီးအသင်း ကနေ ဘရိုက်တန်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂.၉၇သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ ဘရိုက်တန်အသင်းနဲ့ အတူ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေ ကြောင့် သူ့ကို ခေါ်ယူဖို့ ဥရောပ အသင်းကြီးတွေက စိတ်ဝင်စား လာကြပါတယ်။

Photo Credit: Goal

လန့်ပ်တေးဟာ လက်ရှိ ဘောလုံးရာသီမှာ ဘရိုက်တန်အသင်း အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၇ပွဲ ပါဝင် ကစားထားပြီး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ဘရိုက်တန်လို အသင်းငယ် တစ်သင်းရဲ့ နောက်ခံလူ နေရာမှာ ကစားနေတဲ့ ကစားသမား တစ်ဦးအတွက် လန့်ပ်တေးရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေး သဘောကျစရာ ဖြစ်နေပြီး လန့်ပ်တေးကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေတဲ့ အသင်းဟာ ဂျာမန် အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းပဲ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အက်သလက်တီကို မက်ဒရစ် အသင်းကပါ လန့်ပ်တေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး လန့်ပ်တေး ကို စောင့်ကြည့်ဖို့ သူတို့အသင်းရဲ့ ကင်းထောက်တွေကို စေလွှတ်ထားကြောင်း သိရပါတယ်။

Photo Credit: Goal

ထွက်ပေါ်လာတဲ့ သတင်းတွေအရ အက်သလက်တီကို မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ ညာနောက်ခံလူ ထရစ်ပီယာရဲ့ နေရာအတွက် လန့်ပ်တေးကို အစားထိုးမှုအဖြစ် ရှုမြင်နေပြီးလာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ လန့်ပ်တေးကို ခေါ်ယူဖို့ စတင် ကြိုးစားလာမှာ ဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ဘရိုက်တန်အသင်းဟာ လန့်ပ်တေးကို လက်လွှတ်ဖို့ ဆန္ဒမရှိပဲ လာမယ့် နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ် ပြီးသွားရင် လန့်ပ်တေးကို လုပ်ခလစာ တိုးမြှင့်ပေးကာ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစား သွားမယ်လို့ သိထားရပြီး လန့်ပ်တေးကတော့ သူ့ရဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုတွေကို ဇန်နဝါရီလ အပြောင်းအရွှေ့ ရောက်မှသာ ပြုလုပ်လိုနေပါတယ်။