စပိန်အခြေစိုက် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်း ကတော့ သူတို့အသင်းကို အသိမပေးပဲ သူတို့အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ပါတေးကို ခေါ်ယူသွားခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ လုပ်ရပ်ကို အတော်လေး ဒေါသထွက်နေကြောင်း ခိုင်လုံတဲ့ သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အာဆင်နယ် အသင်းဟာ ယခုနှစ် နွေစျေးကွက် ပိတ်သိမ်းခါနီးမှ ပါတေးကို စာချုပ် ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး အပြောင်းအရွှေ့ ပြုလုပ်ရာမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်တာကြောင့် ပါတေး တစ်ယောက် ဆေးစစ်မှုတွေ စတင် လုပ်ဆောင်တဲ့ အချိန်ကို ရောက်မှသာ အက်သလက်တီကို မက်ဒရစ်အသင်းကို အသိပေးခဲ့တာပါ။

Photo Credit: Sky Sports

အက်သလက်တီကို မက်ဒရစ်အသင်း ကတော့ အာဆင်နယ်အသင်းရဲ့ အဆိုပါ လုပ်ရပ်အပေါ် လက်သင့်ခံနိုင်ခြင်း မရှိခဲ့သလို နည်းပြ ဆီမြွန်နီဟာလည်း အသင်းကို အသိမပေးပဲ အပြောင်းအရွှေ့ကိစ္စကို ဆောင်ရွက်ခဲ့တဲ့ ပါတေးနဲ့ အာဆင်နယ်အသင်းကို အတော်လေး ဒေါသ ထွက်နေကြောင်း အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းကို အသိမပေးပဲ ပါတေးရဲ့ စာချုပ် ဖျက်သိမ်းကြေး ဖြစ်တဲ့ ပေါင် ၄၅ သန်းကို ပါတေးရဲ့ ရှေ့နေတွေကနေ တဆင့် လာလီဂါရဲ့ ကစားသမား စီမံမှုဌာနကို ပေးသွင်းခဲ့တာ ဖြစ်ပြီး အဆိုပါ စာချုပ်ဖျက်သိမ်းမှုကို လုပ်ဆောင်ပြီးမှ အက်သလက်တီကို မက်ဒရစ်အသင်းထံ ပါတေးကို ခေါ်ယူမယ့်အကြောင်း အကြောင်းကြားခဲ့တာပါ။

Photo Credit: Sky Sports

စပိန်အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Libertad Digital ရဲ့ ဖော်ပြချက် အရ ဆီမြွန်နီဟာ ပါတေးတစ်ယောက် အက်သလက်တီကို မက်ဒရစ်အသင်းမှာ နောက်ထပ် တစ်ရာသီ ဆက်ရှိနေဖို့ မျှော်လင့်ထားသူ ဖြစ်ပြီး ယခုလို အသင်းအပေါ် လေးစားမှုကင်းမဲ့တဲ့ လုပ်ရပ်ကို လုပ်ခဲ့တဲ့ ပါတေးအား အတော်ကို ဒေါသထွက်နေကြောင်း သိရပါတယ်။ အာဆင်နယ်အသင်း ကတော့ ပါတေးကို စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ပေါင် ၄၅သန်း ပေးကာ ခေါ်ယူခဲ့တာကြောင့် သူတို့ရဲ့ လုပ်ရပ်ဟာ မှန်ကန်တယ် လို့ ယူဆနေပြီး အက်သလက်တီကို မက်ဒရစ်အသင်း ကတော့ သူတို့ဟာ ပါတေးကို ခေါ်ယူလိုက ခေါ်ယူနိုင်ကြောင်း လမ်းဖွင့်ပေးထားပေမယ့် သူတို့ကို အသိမပေးပဲ အပြောင်းအရွှေ့ကိစ္စကို လုပ်ခဲ့တဲ့ အာဆင်နယ်အသင်းကို အတော် စိတ်ပျက်နေကာ အသင်းနှစ်သင်းရဲ့ ကြားမှာ ဆက်ဆံရေးဟာ ပိုမို ဆိုးရွားလာဖွယ် ရှိကြောင်း ဘောလုံး သုတေသီတွေက သုံးသပ် ထားကြပါတယ်။