စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းဟာ ပြင်သစ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ လိုင်ယွန်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို မကြာမီ ရက်ပိုင်းအတွင်းမှာ ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေနဲ့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်များ အရ သိရပါတယ်။ အက်သလက်တီကို မက်ဒရစ် အသင်းဟာ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဒီယေဂို ကော်စတာကို အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုခဲ့တာကြောင့် လစ်လပ်သွားတဲ့ နေရာတစ်နေရာ အတွက် မူဆာ ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Talksport

အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဂျာအိုဖီးလစ် ၊ ဆွာရက်ဇ်တို့ ရှိနေပေမယ့် ဖီးလစ်ဟာ ဒဏ်ရာပြဿနာတွေ မကြာခဏ ဆိုသလို ကြုံတွေ့ရလေ့ ရှိသလို ဆွာရက်ဇ်ဟာလည်း လာမယ့် ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေကို ဆက်လက် ပြသနိုင်ဖို့ မရေရာတာကြောင့် ဒမ်ဘီလီလို အရွယ်ကောင်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူချင် နေတာပါ။ အသက် ၂၄နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုင်ယွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်ခဲ့ပေမယ့် လက်ရှိ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ များပြားနေသလို အသင်းအတွက် လီဂူးဝမ်း ပြိုင်ပွဲမှာ ၁၆ပွဲ ပါဝင် ကစားပြီးထားချိန်မှာ သွင်းဂိုး ၁ဂိုးသာ သွင်းယူ ထားနိုင်ခဲ့ပါတယ်။

Photo Credit: Talksport

ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုရဲ့ ဖော်ပြချက် အရ အက်သလက်တီကို မက်ဒရစ် အသင်းဟာ ဒမ်ဘီလီကို ရာသီဝက်အငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် စတဲ့ သဘောတူညီချက်နဲ့ လာမယ့်ရက်ပိုင်း အတွင်းမှာပဲ ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ ရိုမာနိုကလည်း အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ မူဆာ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ သတင်းကို အတည်ပြု ပေးခဲ့ပြီး ဒီအပြောင်းအရွှေ့ဟာ မကြာခင် ရက်ပိုင်း အတွင်းမှာပဲ ပြီးပြတ်တော့မှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ အက်သလက်တီကို မက်ဒရစ် အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ လာလီဂါပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အားခဲထားတဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် မူဆာ ဒမ်ဘီလီ ရောက်ရှိလာတာဟာ သူတို့အသင်း အတွက် အတော်လေးကို ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ပါကြောင်း သုံးသပ်လိုက်ပါတယ်။