MySport Myanmar

ပိုချက်တီနိုကို စပိန်လာလီဂါပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်သွားချင်နေတဲ့ ဘီလ်ဘာအို

စပိန်လာလီဂါပြိုင်ပွဲဝင် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အသက်လက်တစ်ဘီလ်ဘာအိုအသင်းဟာ လက်ရှိအသင်းရဲ့ နည်းပြဖြစ်သူ မာဆယ်လီနိုနဲ့ လက်တွဲဖြုတ်ရတော့မှာဖြစ်လို့ လစ်လပ်သွားတော့မယ့် အသင်းနည်းပြနေရာအတွက် လာလီဂါမှာ နည်းပြဘဝကို စတင်ခဲ့ဖူးသူ နည်းပြမာရီစီယိုပိုချက်တီနိုကို ခန့်အပ်သွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Express

အာဂျင်တီးနားလူမျိုး ဘောလုံးနည်းပြ ပိုချက်တီနိုဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်နေပြီး အသင်းကိုလည်း ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ လီဂူးချန်ပီယံဆု ဆွတ်ခူးအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာ ရှုံးထွက်(၁၆)သင်းအဆင့်နဲ့ လှည့်ပြန်စေခဲ့ရတဲ့အတွက် ပီအက်စ်ဂျီဘက်က ပိုချက်တီနိုကို ရာထူးကနေ ဖယ်ရှားချင်နေပြီး ရီးယဲလ်နည်းပြဟောင်း ဇီဒန်း စပါးအသင်းနည်းပြ ကွန်တီတို့ထဲက တစ်ဦးဦးနဲ့ ပြန်အစားထိုးသွားချင်နေပါတယ်။ ဒီလို အနာဂတ် မရေမရာ ဖြစ်နေရတဲ့ ပိုချက်တီနိုကို ဘီလ်ဘာအိုအသင်းဘက်က အလိုရှိလာခဲ့ပြီး အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : talkSPORT

ပိုချက်တီနိုဟာ ဘောလုံးသမားဘဝကနေ နည်းပြဘဝကို မကူးပြောင်းခင်မှာပဲ လာလီဂါကလပ် အက်စပန်ညိုအသင်းမှာ ပါဝင်ကစားခဲ့ရင်း ကစားသမားဘဝ အဆုံးသတ်လိုက်ချိန်မှာ အက်စပန်ညိုရဲ့ နည်းပြအဖြစ် ပြောင်းလဲဆောင်ရွှက်ခဲ့ပါတယ်။ အက်စပန်ညိုရဲ့ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ လာလီဂါမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ကျင်လည်ထားခဲ့ဖူးတဲ့ ပိုချက်တီနိုကို လာလီဂါကလပ် ဘီလ်ဘာအိုက သူတို့အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေပြီး ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြမာဆယ်လီနိုရဲ့နေရာမှာ ပိုချက်နဲ့ အစားထိုးချင်နေပါတယ်။ နည်းပြမာဆယ်လီနိုဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘီလ်ဘာအိုအသင်းကို အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာ ရောက်ရှိအောင် ပို့ဆောင်ထားပေမယ့် ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်လိဂ်တို့လို ဥရောပပြိုင်ပွဲတွေ ဝင်ရောက်ဆင်နွဲနိုင်အောင် စွမ်းဆောင်ပေးနိုင်ဖို့က မရေရာသေးတဲ့ အခြေအနေမှာ ရှိနေသေးတာကြောင့် သူ့ကို အသင်းဘက်က သက်တမ်းတိုးဖို့ စောင့်ကြည့်နေဆဲ ရှိနေရပါတယ်။ သူတို့အသင်း အလိုရှိနေတဲ့ ပိုချက်တီနိုကလည်း သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်ပေါ်နေပေမယ့် သူကတော့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ပီအက်စ်ဂျီအသင်းမှာသာ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။

Exit mobile version