မန်ချက်စတာယူနိုက်တက်အသင်းအပါအဝင် ဘာစီလိုနာနဲ့ စပါးတို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေများစွာရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ အာဂျင်တီးနား နောက်ခံကစားသမားလေး ခရစ္စတီယန်ရိုမဲရိုးရဲ့ တန်ကြေးကို အတ္တလန်တာအသင်းဘက်ကနေ ယူရိုသန်း(၆၀)အဖြစ် သတ်မှတ်လိုက်တယ်လို့ အီတလီအခြေစိုက် Calciomercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreimter

အသက်(၂၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် နောက်ခံကစားသမားလေး ခရစ္စတီယန်ရိုမဲရိုးဟာ အတ္တလန်တာအသင်းရဲ့ အဓိကနောက်ခံကစားသမားတစ်ဦးလည်းဖြစ်သလို ပြီးခဲ့တဲ့ရာသီကလည်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားသမားလေးကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက စိတ်ဝင်စားနေကြတာဖြစ်သလို ခံစစ်ပိုင်းမှာ ဗဟိုနောက်ခံလူတစ်ယောက် အလိုရှိနေတဲ့ ယူနိုက်တက်အသင်းကလည်း ရိုမဲရိုးကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Youtube

ဒါပေမယ့် အတ္တလန်တာအသင်းကနေ ဂျုဗင်တပ်စ်အသင်းကနေ (၂)ရာသီအငှားစာချုပ်+အငှားစာချုပ်ပြည့်ချိန် ယူရို(၁၆)သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်နဲ့ ရိုမဲရိုးကို ခေါ်ယူထားခဲ့တာဖြစ်လို့ ဒီနွေမှာပဲ ယူရို(၁၆)သန်းနဲ့ ရိုမဲရိုးကို အပြီးသတ်ခေါ်ယူကာ အနည်းဆုံး ယူရိုသန်း(၆၀)ခန့် ပြန်လည်ရရှိမှပဲ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ဒီလို တန်ကြေးမျိုးနဲ့ဆိုရင်တော့ ယူနိုက်တက်ဘက်က ရိုမဲရိုးကို ခေါ်ယူဖို့အတွက် လက်လျော့သွားနိုင်ဖွယ် ရှိနေပြီး အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် နောက်ခံကစားသမား ရာဖယ်ဗာရန်းကိုသာ အရခေါ်ယူဖွယ် ရှိနေပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်အသင်းဟာ ဗာရန်းကို ခေါ်ယူဖို့အတွက် အသေအချာ ကြိုးပမ်းလျက် ရှိလို့နေပြီး တကယ်လို့ ဗာရန်းကို ခေါ်ယူဖို့အတွက် အဆင်မပြေခဲ့ရင် လိုင်ယွန်အသင်းရဲ့ ဒိန်းမတ်နောက်ခံကစားသမား ဂျိုအာချင်းအန်ဒါဆန်ကို ပြောင်းလဲကမ်းလှမ်းဖွယ် ရှိနေပါတယ်။ အန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လိုင်ယွန်ကနေ ဖူလ်ဟမ်အသင်းမှာ အငှားလာရောက်ကစားခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့လို့ သူ့ကို ယူနိုက်တက်အပါအဝင် အာဆင်နယ် စပါးအသင်းတွေကလည်း ပစ်မှတ်ထားလာခဲ့ပါတယ်။