MySport Myanmar

ပေါင် ၈၅သန်း ရမှ ဟွိုက်လန်းကို ရောင်းမယ်လို့ ယူနိုက်တက်ကို အတ္တလန်တာ အသိပေး

အီတလီ စီးရီးအေ နာမည်ကြီးကလပ် အတ္တလန်တာက သူတို့အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဟွိုက်လန်းကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ဟွိုက်လန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၅သန်း အထိ လိုချင်ကြောင်း အသိပေးခဲ့တယ်လို့ နာမည်ကြီး သတင်းထောက် လော်ရီ ဝှိုက်ဝဲလ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

နယ်သာလန်သား ထိပ်သီးနည်းပြ တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အတ္တလန်တာ လူငယ်ကြယ်ပွင့် ဟွိုက်လန်းကို ခေါ်ယူချင်နေပြီး တန်ဟက်ဂ် ကိုယ်တိုင် ဟွိုက်လန်းနဲ့ ဆွေးနွေးမှုတွေ လုပ်ထားပါတယ်။

Photo Credit: Sky Sports

ဒိန်းမတ်လူငယ်ကြယ်ပွင့် ဟွိုက်လန်းကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းကို ခေါ်ယူဖို့ ပဏာမ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတောင် ရရှိထားပြီးပြီလို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းရဲ့ ခွင့်ပြုချက်ကို ရပြီးနောက် အတ္တလန်တာနဲ့ ဟွိုက်လန်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် အခုချိန်အထိ မန်ချက်စတာ ယူနိုက်တက်နဲ့ အတ္တလန်တာ ကြားမှာ ဟွိုက်လန်းအတွက် သဘောတူညီမှု မရသေးပါဘူး။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ လော်ရီ ဝှိုက်ဝဲလ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းအတွက် ကစားသမား အလဲအထပ် + ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှု တချို့ လုပ်ခဲ့ပေမယ့် အတ္တလန်တာဘက်က ယူနိုက်တက်ရဲ့ ကစားသမားတွေကို စိတ်မဝင်စားပဲ ငွေကြေးသီးသန့် ကမ်းလှမ်းမှုသာ လုပ်ဖို့ အသိပေးခဲ့သလို ဟွိုက်လန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၅.၆သန်း အထိ လိုချင်ကြောင်း ပြန်လည် အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းကို ခေါ်ယူချင်နေပေမယ့် ဟွိုက်လန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းထက် ပိုမသုံးချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ အတ္တလန်တာ ကြားထဲမှာ သဘောတူညီမှု ရဖို့ ခက်ခဲနိုင်ပြီး အကယ်၍ မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းကို မခေါ်နိုင်ရင်တော့ ဘင်ဖီကာတိုက်စစ်မှူး ရာမို့စ် ၊ ဖရန့်ဖတ် တိုက်စစ်မှူး မူအာနီ စတဲ့ ကစားသမားတွေကို ပြောင်းလဲ ခေါ်ယူသွားနိုင်ပါတယ်။

Exit mobile version