မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အီတလီစီးရီးအေပြိုင်ပွဲအတွင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အတ္တလန်တာအသင်းရဲ့ အာဂျင်တီးနားခံစစ်ကစားသမား ခရစ္စတီယန်ရိုမဲရိုးကို အသင်းဆီ ခေါ်ဆောင်နိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၉)သန်းနဲ့ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်လာခဲ့ရာ ဒီကမ်းလှမ်းချက်ကို အတ္တလန်တာအသင်းဘက်ကနေ ပယ်ချသွားခဲ့ပြီး ပြောင်းရွှေ့ကြေးကို ထပ်တိုးကမ်းလှမ်းလာမှသာ လက်ခံသွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားနောက်ခံကစားသမား ရိုမဲရိုးဟာ ၂၀၁၈ခုနှစ်မှာပဲ အာဂျင်တီးနားကနေ ဥရောပကို စတင်ခြေချလာခဲ့ပြီး စီးရီးအေကလပ် ဂျီနိုအာအသင်းဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်။ စီးရီးအေမှာ တစ်ရာသီ ကျင်လည်ခဲ့ပြီးတဲ့နောက်မှာ ရိုမဲရိုးကို ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူခဲ့ပြီး ဂျီနီုအာအသင်းဆီကိုပဲ တစ်ရာသီ အငှားချဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာတော့ ရိုမဲရိုးကို အတ္တလန်တာအသင်းဆီ (၂)ရာသီ အငှားချခဲ့ပြန်ပြီး အပြီးသတ် ဝယ်ယူခွင့်ကိုပါ အငှားစာချုပ်ထဲ ထည့်သွင်းခဲ့ပါသေးတယ်။ ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အတ္တလန်တာအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၂)ပွဲအထိကို ပါဝင်ကစားခဲ့ပြီး ခံစစ်စွမ်းရည်ကောင်းကို ပြသနိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီးမှု (၅)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီလိုစွမ်းဆောင်ရည်ကောင်းတွေ ပြသလို့ထားတဲ့ ဗဟိုခံစစ်ကစားသမားလေး ရိုမဲရိုးကို ယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ ပေါင်(၃၉)သန်းနဲ့ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်ခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရပြီး ပေါင်(၅၂)သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာမှပဲ ရောင်းချသွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းရဲ့ အဓိကအားနည်းချက် ဖြစ်ခဲ့ရတဲ့ ဗဟိုခံစစ်နေရာမှာ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းရားနဲ့ တွဲဖက်ကစားဖို့အတွက် ခံစစ်မှူးတစ်ယောက်ကို အလိုရှိနေတာဖြစ်ပြီး ရီးယဲလ်မက်ဒရစ် နောက်ခံလူ ရာဖယ်ဗာရန်း ဖီအိုရင်တီးနား နောက်ခံကစားသမား မီလန်ကိုဗစ် ဗီလာရီးယဲလ် နောက်ခံလူ ပါအူတောရက်စ်တို့ကို ပစ်မှတ်ထားနေခဲ့သလို အတ္တလန်တာမှာ ခြေစွမ်းပြလို့နေတဲ့ ရိုမဲရိုးကိုလည်း ကမ်းလှမ်းမှုတချို့ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လတ်တလောမှာတော့ အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို အရခေါ်ယူသွားဖို့အတွက် အသေအချာ ကြိုးပမ်းလျက်ရှိနေသလို ဗီလာဂိုးသမား တွမ်ဟီတန်ကိုလည်း ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။